Home
နိုင်ငံတကာ
အာရှနိုင်ငံများအကြား AI  မူဝါဒ ကွဲပြားမှုကြောင့် ဒေသတခုလုံး နောက်ကျကျန်ရစ်နိုင်
DVB
·
June 11, 2024
Photo - Nikkei montage

အာရှနိုင်ငံတွေကြားမှာ AI စည်းမျဉ်း၊ ဥပဒေတွေ ချမှတ်ရာမှာ ညီညွတ်မှုမရှိဘဲ ကွဲပြားမှုတွေ ရှိနေတာကြောင့် ဒေသတဝန်း AI နည်းပညာကျင့်သုံးဖို့ စီစဉ်နေတဲ့ လုပ်ငန်းတွေအတွက် မရေရာမှုတွေ ဖြစ်ပေါ်စေတယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။

ဥရောပတိုက်မှာဆိုရင် ဥရောပသမဂ္ဂက တပြေးညီ AI အက်ဥပဒေတရပ် မကြာသေးမီကပဲ ပြဋ္ဌာန်းနိုင်ခဲ့ပေမဲ့ အာရှမှာတော့ အဓိကကျတဲ့ နိုင်ငံ ၂၀ လောက်ရဲ့ အစိုးရတွေက သူတို့အမျိုးသားအကျိုးစီးပွားနဲ့ညှိပြီး ကျင့်သုံးနေကြပါတယ်။

နိုင်ငံအလိုက် ဥပဒေမတူတဲ့အခါ ကုမ္ပဏီတွေအတွက် ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်း အခင်းအကျင်းတရပ် ဖြစ်လာပါတယ်။

ဖန်တီးထုတ်လုပ်နိုင်စွမ်းရှိတဲ့ AI နည်းပညာ အားကောင်းလာချိန်မှာ နိုင်ငံဖြတ်ကျော် စည်းမျဉ်းစည်းကမ်းတွေဟာ အရေးပါတဲ့ ခေါင်းစဉ်တရပ် ဖြစ်လာပြီး အမေရိကန်နဲ့ တရုတ်အကြားမှာတောင် ဆွေးနွေးမှုတွေ လုပ်လာရသလို EU ကလည်း AI အက်ဥပဒေ ပြဋ္ဌာန်းရေးမှာ ရှေ့ဆောင်ဖြစ်လာပါတယ်။

တရုတ်ကလည်း AI ကို စည်းကြပ်ဖို့ တက်တက်ကြွကြွလုပ်နေပြီး လမ်းညွှန်ချက်တွေ ချထားသလို အထွေထွေ AI ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်နေပါတယ်။

အဲဒီအချိန်မှာ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူတို့ကလည်း ကိုယ့်စည်းမျဉ်းနဲ့ ကိုယ့်လမ်းညွှန်ချက်နဲ့ကိုယ် ချမှတ်ထားကြပါတယ်။

အဲဒီအချိန်မှာ Verizon နဲ့ SAP တို့လို ကုမ္ပဏီကြီးတွေကလည်း ကိုယ့်စည်းကမ်းနဲ့ကိုယ် AI ကို တာဝန်သိစွာ သုံးစွဲဖို့ ဆိုတာမျိုး လုပ်လာကြပါတယ်။

ဒါပေမဲ့ အာရှတတိုက်လုံး အတိုင်းအတာနဲ့ လွှမ်းခြုံတဲ့ စည်းမျဉ်းဥပဒေ‌တွေ မပြဋ္ဌာန်းနိုင်ရင်တော့ ကမ္ဘာ့ AI အကူးအပြောင်းမှာ အာရှတိုက်ဟာ နောက်ကောက်ကျ ကျန်ခဲ့နိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013