Home
မြန်မာသတင်း
မုံရွာတွင် စစ်တပ် ဗုံးကြဲသဖြင့် PDF ရဲဘော် ၂ ဦး ကျဆုံး၊ ရေစကြိုဒေသခံ ၁ ဦး ပစ်သတ်ခံရ
DVB
·
June 10, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်တဲကျေးရွာက စာသင်ကျောင်းကို ဇွန် ၈ ရက်နေ့၊ ညနေ ၄ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ၂ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “ရွာစာသင်ကျောင်းမှာ ရွာခံတွေနဲ့ ပကဖရဲဘော်တွေ ရွာလုံခြုံရေးအတွက် အစည်းဝေးလုပ်နေကြတုန်း ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးချသွားတယ်။ ကျနော်တို့ရဲဘော် ၂ ဦးကတော့ မြင့်မြတ်စွာပဲ အသက်ပေးသွားခဲ့ကြတယ်၊ ရဲဘော် ၂ ယောက်လည်း ဒဏ်ရာရကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အပြင်မှာ လုံခြုံရေး ပြုလုပ်ပေးနေတဲ့ ပကဖ ရဲဘော်ရှမ်းကြီး နဲ့ ရဲဘော် စာကလေး တို့ ကျဆုံးခဲ့ရပြီး ကျောင်းဆောင်အပြင်ကို ထွက်လာတဲ့ ပကဖ ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိသွားကြတယ်လို့ သိရပါတယ်။

“ဗုံးက ကျောင်းပေါ်တည့်တည့်မကျလို့တော်သေးတယ်။ ကျောင်းဆောင်တော့ အနည်းငယ်ပျက်စီးတာပေါ့။ ဒီကိစ္စက ဒလန်ကြောင့်ဖြစ်တာ၊ ဒီဒလန်ကို မိအောင်ဖမ်းပြီး အပြင်းထန်ဆုံး အရေးယူပေးဖို့ PDF တွေကို ပြောချင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ညောင်ပင်တဲကျေးရွာက စာသင်ကျောင်းကို လေ​ယာဥ်နဲ့ဗုံးကြဲပြီးနောက် မုံရွာမြို့၊ ကျောက်ဆစ်ပုံ အမြောက်တပ်ကနေလည်း ညောင်ပင်တဲကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက မအူကတိုးစုကျေးရွာကို ဇွန် ၉ ရက် မနက် ၉ နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ရေစကြိုအထိုင် ခလရ ၂၅၇ တပ်ရင်းကနေ လက်နက်ကြီး ၆ လုံးရမ်းပစ်တယ်။ ၅ လုံးက တခြားနေရာတွေကျတယ်ဗျ။ ၁ လုံးကတော့ ဒီရွာထဲကျလို့ အိမ် ၂ လုံးပျက်စီးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေဟာ ဆည်ရွာတောရိုးပေါ်မှာ စစ်ကြောင်းထိုးရင်း အသက် ၂၀ အရွယ် လူငယ် ၁ ဦး ကို ပစ်သတ်သွားတယ်လို့ သိရပါတယ်။

“သူတို့သားအဖ ၂ ယောက်က တောင်ယာလုပ်နေတာ။ ‌ေ-းနဲ့ ပျူတွေရဲ့ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်သွားတာ။ အဖေက ဒဏ်ရာရပြီး ထွက်ပြေးလို့လွတ်သွားတယ်။ သူ့သား အသက် ၂၀ လောက် ကလေးငယ်ကိုတော့ ပစ်သတ်သွားလို့ နေရာမှာတင်ဆုံးသွားတယ်” လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။

နိုင်ငံတဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအ၀င် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်လိုလိုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အရေးနိမ့်အထိနာနေတာကြောင့် စစ်သည်အင်အားတိုးမြှင့်တာ၊ ကျေးရွာတွေကို ၀င်ရောက်စီးနင်းမီးရှို့တာ၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကို အရင်ကထက်ပိုမိုဆိုးရွားစွာ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013