Home
မြန်မာသတင်း
ဆန်ကုန်သည်များ ဖမ်းဆီးပြီးနောက်ပိုင်း  စပါးဈေး ဆက်တိုက်ကျဆင်းလာ
DVB
·
August 14, 2024

ဆန်ကုန်သည်တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူပြီးတဲ့နောက်ပိုင်းမှာ ဆန်ဈေးတွေကို ချပစ်လိုက်တာကြောင့်  စပါးဈေးတွေ ဆက်တိုက်ကျဆင်းလာပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မနှစ်က ဝါဆိုစပါးရာသီမှာ  စပါးတင်း ၁၀၀ ကို ကျပ် ၁၅ သိန်းအထိရရှိခဲ့တဲ့ ရက် ၉၀၊ မင်းဧရာ၊ 219 ၊ ဆာဖိုးသာ စတဲ့စပါးမျိုးတွေက အခုနှစ်မှာတော့ စပါး ၁၀၀ ကို ကျပ် ၈ သိန်းအထိ ကျဆင်းလာပါတယ်။

ကျိုက်လတ်မြို့နယ်နေ ဝါဆိုစပါးစိုက်ပျိုးသူ တောင်သူတဦးက “အခြေအနေကတော့ မနှစ်ကထက်စာရင် အရမ်းကွာသွားတယ်။ မနှစ်ကတော့ပေါ်ပေါ်ချင်း ၁၃၊ ၁၄၊ ၁၅ ရတယ်။ ဒီနှစ်က ၇ သိန်း၊ ၈ သိန်းကစတယ်ဆိုတော့ ဘယ်လိုမှ ဘယ်လိုခေါ်မလဲဆိုတော့ လယ်သမားအနေနဲ့ လုပ်ပိုင်ခွင့် မရတော့လောက်တဲ့ အခြေအနေမှာရှိတယ်။ ရှုံးတာက ဘယ်လိုခေါ်မလဲဆိုတော့ ကုန်ကျစရိတ်က အနည်းလေး တဧကကို စပါးမဖြစ်ခင်မှာ စပါးဖြစ်ဖို့ကို ၂ သိန်းခွဲ၊ ၃ သိန်းလောက်ကုန်တယ်။ ရိတ်သိမ်းစရိတ်မှာတင်ကုန်တယ်။ တဧကကို တသိန်းခွဲ။ ချွေတာနဲ့ စက်ခ၊ ဆီခ နဲ့ ၄၊ ၅၊ ၆ သိန်းလောက်ကုန်တယ်။ စပါးတ ဧကမှာ ၄၊ ၅၊ ၆၀ပဲ။ ခုလိုရေနစ်တဲ့အခါမှာ ၄၀၊ ၅၀၊ ၆၀ ပဲရ တော့ ဘယ်လိုမှ မကာမိဘူး။ အရှုံးပဲပေါ့နော်။”

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မင်းလှ၊ ပေါက်ခေါင်းစတဲ့ ပဲခူးအနောက်ခြမ်းဒေသကထွက်ပေါ်ခဲ့တဲ့ မိုးကြိုစပါးတွေလည်း ဈေးတွေကျခဲ့ပြီး ဆန်ဈေးချပြီး ရည်ညွှန်းဈေးထုတ်ပြန်လိုက်တာက ဆန်စပါးဈေးကွက် ရှိပေမဲ့လည်း ဈေးနှိမ်ဝယ်လို့ရတဲ့အခြေအနေမှာ ဖြစ်လာပါတယ်။

လတ်တလော ပေါ်လာတဲ့ စပါးတွေက ဝါဆိုဝါခေါင်ရေဖောင်ချိန်မှာ ရိတ်ရတာဖြစ်ပေမဲ့ မိုးများခဲ့တဲ့အခြေအနေကြောင့် စပါးပင်တွေ ရေထဲလဲကုန်ပြီး အလေလွင့် အဆုံးအရှုံးတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် တဧကပျှမ်းမျှ တင်း ၇၀ လောက်ရခဲ့တဲ့ လယ်တွေမှာ အလေလွင့်ကြောင့် တင်း ၄၀ လောက်ပဲ ရနိုင်ပြီး စပါးဈေးကျတဲ့အပြင် ရာသီဥတုကြောင့် ပိုပြီးအဆုံးအရှုံး ဖြစ်လာကြတာ ဖြစ်ပါတယ်။

ဝါဆို စပါးစိုက်တောင်သူတဦးက “ဈေးနှုန်းကတော့အခုဆိုရင် ၈ သိန်းခွဲလောက်ပဲရှိတယ်။ စပါး ၁၀၀ ကိုပေါ့။ ဒီနှစ်ဆိုရင်တော့ အရှုံးပြနေပြီပေါ့။ ပံ့ပိုးမှုနဲ့ ဒီစပါးဈေးကွက်အနေထားနဲ့ဆို အရှုံးအတော်ပြနေပြီ။ အရင်းတောင်မှ မနည်းလုပ်နေရတယ်။ ရှုံးတယ်ဆိုတာ တဧကရဲ့ အတိုင်းအတာပေါ့။ တဧကကို ပုလဲ ၂ အိတ်၊ ၃ အိတ်ကြဲရတယ်။ ကြဲတော့ ရိတ်ခနဲ့ ခြွေခနဲ့ ဆီဖိုးနဲ့ နှုတ်လိုက်ရင် ဒီဟာက ရှုံးဖို့ပဲရှိတယ်။ အမြတ်မရှိတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စပါးဈေး ကျသွားတာကိုး။ ဈေးကွက်ကျသွားတဲ့အတွက်။ အဲ့ဒါကြောင့်မို့”လို့ ပြောပါတယ်။

ဝါဆိုစပါးတဧကအတွက် မျိုးစပါး၊ ဒီဇယ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရိတ်သိမ်း၊ ခြွေလှေ့ခ စတဲ့ ကုန်ကျစရိတ်က ကျပ် ၆ သိန်းနီးပါးရှိပြီး အခုလိုစပါးကျပြီး အထွက်နှုန်းတွေကျလာတဲ့အခါမှာတော့ တောင်သူတွေ အဆုံးအရှုံးတွေနဲ့ ပြန်လည်ရင်ဆိုင်လာရတာပဲ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ မိုးစပါး စိုက်ဧက ၁၅ သန်း ရှိပေမဲ့ စစ်ရေးကြောင့် စိုက်ဧကတွေ လျော့နည်းတာ၊ စိုက်နည်းစနစ်အမှန် မစိုက်ပျိုးနိုင်တဲ့အတွက် စပါးအထွက်နှုန်းလျော့တဲ့အပြင် သွင်းအားစုတွေ အဆမတန်ဈေးမြင့်နေပြီး စပါးဈေးကျဆင်းတဲ့အခြေနေတွေကြောင့် စပါးစိုက်ပျိုးဖို့ အခက်အခဲဖြစ်လာပြီး စပါးအထွက်နှုန်းဟာလည်း ဆက်လက် လျော့နည်းလာမှာဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013