မွန်ပြည်နယ်က မိုးစပါးစိုက်တောင်သူတွေဟာ စပါးပေါ်ချိန် ဈေးကောင်းရနေပေမယ့် သွင်းအားစု ကုန်ကျစရိတ်ကြီးမြင့်ပြီး အထွက်နှုန်း လျော့နည်းတာကြောင့် တွက်ခြေမကိုက်ဘူးလို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်က မိုးစပါးပေါ်ချိန် ပေါ်ဆန်စပါး ကျပ် ၁၇ သိန်းကနေကျပ် ၁၈ သိန်းပဲရရှိပြီး အခုနှစ် မိုးစပါးပေါ်ချိန် အရည်အသွေးကောင်းတဲ့ ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ်သိန်း ၄၀ နီးပါးနဲ့ စပါးကြမ်း တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ အထိ ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စိုက်ပျိုးရိတ်သိမ်းစရိတ်တွေ မြင့်တက်နေတဲ့အပြင် မိုးများပြီးရေလွှမ်းမိုးတာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် မိုးစပါးအထွက်နှုန်း လျော့နည်းခဲ့ပြီး တွက်ခြေမကိုက်ဘူးလို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။
စပါးပေါ်ချိန် စပါးဈေးတွေ မြင့်တက်နေပေမယ့် ကုန်ကျစရိတ်နဲ့ တွက်ချက်ရင် ကာမိရုံပဲရှိတယ်လို့ ပေါင်မြို့နယ်က လယ်သမားတယောက်က ပြောပါတယ်။
“မိုးစပါးက ဒီနှစ်က မကောင်းဘူး၊ အသီးအနှံ့တွေ အထွက်လျော့တယ်။ မိုးများလို့ စပါးတွေက အခြေအနေမကောင်းဘူး။ ပေါ်ဆန်းဆိုရင် မနှစ်က ၂၅ သိန်း ၂၆ သိန်းပဲ ရှိတယ်။ အခုလက်ရှိဈေးနဲ့ စပါးဈေးနှုန်းကောင်းလာတော့ အရှုံးမရှိဘူး။ ဒါပေမဲ့ အမြတ်တော့ သိပ်မရှိဘူး” လို့ ပြောပါတယ်။
မုဒုံမြို့နယ် လယ်သမားတယောက် “မနှစ်က မိုးစပါးပေါက်ဈေးထက် အခုနှစ် မိုးစပါးပေါ်ချိန်မှာ ဈေးနှုန်းက ၁ ဆမြင့်တက်နေပြီး စပါးတင်း ၁၀၀ ကို သိန်း ၄၀ နီးပါး ပေါက်ဈေးရှိတယ်။ ကုန်သည်တွေ လာမေးနေတာတော့ရှိတယ်။ ဒါပေမဲ့ ကျမတို့ ရောင်းတော့ မရောင်းသေးဘူး” လို့ ပြောပါတယ်။
အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ စပါးဈေးနှုန်း မြင့်နေတက်တဲ့အပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့ မွန်ပြည်နယ် ဆန်ကုန်သည်တယောက်က ပြောပါတယ်။
“စပါးပေါ်တဲ့အချိန်က ၁ လလောက်ပဲ ရှိသေးတဲ့ အနေအထားမှာတော့ ကျနော်တို့ကတော့ စောင့်ကြည့်တုန်းပဲ။ အနေအထားတခုက ဘယ်လောက်ထိ ဘာဖြစ်မလဲ။ ကျနော်တို့ ဆန်စပါးအဖွဲ့ချုပ်က ဘယ်လိုစီစဉ်မလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးဘူး။”
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန်မှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေ ဖြစ်စေဖို့ စပါးအမျိုးအစားပေါ်လိုက်ပြီး တင်း ၁၀၀ ဈေးနှုန်းက ကျပ် ၁၃ သိန်းကနေ အများဆုံး သိန်း ၂၀ အထိ အရောင်းအဝယ်လုပ်ကြဖို့ သတ်မှတ်ထားပြီး အခုပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ကွာဟမှု ရှိနေတယ်လို့လည်း ဆန်ကုန်သည်တယောက်က ပြောပါတယ်။
မွန်ပြည်နယ်အတွင်း စပါးစိုက်ဧက ၇ သိန်းကျော်ရှိပြီး ဒေသတွင်းပေါ်ဆန်၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ(ကောင်း)၊ ဧရာမင်း၊ ရွှေတဆုပ်၊ ဆင်းသုခ၊ ဆင်းသွယ်လတ် စတဲ့စပါးမျိုးတွေကို စိုက်ပျိုးကြတယ်လို့ လယ်စိုက်တောင်သူတွေဆီက သိရပါတယ်။