ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံတောင်ပိုင်း ခုရ်စ်ခ်ဒေသက ရွာပေါင်း ၇၄ ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ဩဂုတ် ၁၃ ရက်မှာ ပြောပါတယ်။
ယူကရိန်းရဲ့ အဓိက နယ်စပ်ဖြတ်ကျော် ကျူးကျော်တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နယ်မြေသစ် ၁၆ စတုရန်းမိုင်အထိ သိမ်းယူနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်အကြီးအကဲ အိုလက်စန်ဒါ စီယာစကီက သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို ဗွီဒီယိုလင့်ခ်ကတဆင့် အကျဉ်းချုံး တင်ပြ ပြောဆိုခဲ့ပါတယ်။
ရုရှား စစ်သုံ့ပန်းအသစ်တွေကို ဖမ်းခေါ်လာနိုင်တာကြောင့် ယူကရိန်းတပ်တွေကို ကျေးဇူးတင်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
“ကျနော်တို့ရဲ့ အကျဉ်းသားတွေနဲ့ လဲလှယ်ဖို့ လူအင်အားကို ဖြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဲဒါက ကျနော်တို့ရဲဘော်တွေ၊ စစ်သားတွေအတွက် လဲလှယ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။”
ယူကရိန်းဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ရုရှားနိုင်ငံ အနောက်ဘက်ခြမ်း ခုရ်စ်ခ် ဒေသဆီ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ရင်း ရုရှားအစိုးရကို အံ့အားသင့်စေတဲ့ စစ်ဆင်ရေးတရပ်နဲ့ ရုရှားမြေ စတုရန်းကီလိုမီတာ ၁,၀၀၀ ကို သိမ်းယူခဲ့ပါတယ်။
Source-Reuters