Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း တိုက်ပွဲပြင်းထန်
DVB
·
August 11, 2024
Photo - Reuters

ရုရှားနိုင်ငံ ကက်စ်ဒေသအတွင်း ၂၀ ကီလိုမီတာ လောက်အထိ ထိုးဖောက်ဝင်ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ ယူကရိန်းတပ်တွေနဲ့ ရုရှားတပ်ဖွဲ့တွေ ဩဂုတ် ၁၀ ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

ဒါဟာ ၂၀၂၂ စစ်ပွဲစကတည်းက ရုရှားနယ်မြေထဲမှာ ယူကရိန်းက အကြီးကျယ်ဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက ရုရှားနယ်စပ်ကို ဖြတ်ပြီး ယူကရိန်းတပ်တွေ ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ရုရှားကက်စ်ဒေသ အနောက်ဘက်ခြမ်းအချို့နေရာတွေကို စိမ့်ဝင်လာခဲ့တာဖြစ်ပါတယ်။ 

အမေရိကန် ရွေးကောက်ပွဲအပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြမယ်ဆိုရင် ယူကရိန်းဘက်က တဖက်သက်နိမ့်မနေအောင် ရည်ရွယ်တဲ့ ထိုးစစ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ 

ဒရုန်းတွေနဲ့ လက်နက်ကြီးပစ်ကူတွေ ပံ့ပိုးမှုနဲ့ ယူကရိန်းတပ်တွေဟာ နယ်စပ်က ရုရှားအနောက်ပိုင်းမြေကို ဖဲ့ယူဖို့ ကြိုးစားနေကြသလို ရုရှားနယ်မြေအတွင်းပိုင်းအထိ အဖျက်အမှောင့်လုပ်ငန်းတွေ ဝင်လုပ်နေတဲ့ တပ်ဖွဲ့တွေပါ ရှိနေတယ်လို့ ရုရှားစစ်ဘလော့ဂါတွေက ဆိုပါတယ်။ 

ယူကရိန်းတပ်ဖွဲ့တွေရဲ့ ကျူးကျော်ဖို့ ကြိုးစားမှုကို ရုရှားတပ်မတော်က ဆက်လက်တွန်းလှန်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ရုရှားနယ်မြေအတွင်း ၁၀ ကီလိုမီတာကနေ ကီလိုမီတာ ၂၀ အတွင်းမှာရှိတဲ့နေရာတွေမှာ ပြင်းထန်တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ 

ယူကရိန်းသမ္မတ ဗလာဒီမာဇယ်လန်းစကီးကလည်း ယူကရိန်းတပ်တွေ ရုရှားမြေထဲ ဝင်ရောက်တိုက်ခိုက်နေကြောင်း၊ ရုရှားတပ်တွေဟာ အဲဒီဒေသကနေ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုတွေ ပုံမှန်ပြုလုပ်လေ့ရှိတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။ 

ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူမီဒေသမှာ ပဲ့ထိန်းလေကြောင်း ဗုံးတွေ အသုံးပြုမှုကို အရှိန်မြှင့်လာပြီးနောက်မှာ ယူကရိန်း ဒေသအာဏာပိုင်တွေဟာ နယ်စပ်ဇုန် ၁၀ ကီလိုမီတာအကွာအတွင်း အခြေချ ရွာတည်နေထိုင်တဲ့ နေရာ ၁၀ ခုကို မဖြစ်မနေ ရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗိုလိုဒီမီယာ အာတီယွခ်က ပြောပါတယ်။ 

လူပေါင်း ၂ သောင်းလောက်ကို အဲဒီဒေသကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ လိုအပ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့က သြဂုတ် ၉ ရက်မှာ ပြောပါတယ်။ 

ဆူမီနဲ့ ကာ့စ်ခ် နယ်စပ်ဒေသတွေ၊ ဘာစိဗ်ကာ၊ ယူနာကိဗ်ကာ နဲ့ လော့ခ်နီယာ တို့မှ ဒေသခံတွေကို စေတနာ့ဝန်ထမ်းတွေက ကူညီရွှေ့ပြောင်းပေးခဲ့ကြတယ်လို့ အရှေ့ပိုင်းကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်း ဗီလဒ် ပိုယန်စကီး က ပြောပါတယ်။ 

ခုချိန်ထိ နေရာရွှေ့ပြောင်းဖို့ မဆုံးဖြတ်ရသေးဘဲ ကျန်နေတဲ့သူ အယောက် ၄၀ လောက် ကျန်နေသေးတယ်လို့ ဘာစိဗ်ကာ အသိုင်းအဝိုင်းမှ အကြီးအကဲ အနာတိုလီ ကီရီချန်ကို က ပြောပါတယ်။ 

ဒီဒေသကို လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကနေ ပစ်လွှတ်တဲ့ လက်နက်တွေ ၂ ကြိမ်၊ ၃ ကြိမ် ထိမှန်ကြတဲ့ နေအိမ်တွေလည်း ရှိတယ်လို့ နယ်စပ် ဘာစိဗ်ကာ ကျေးရွာမှ ရွှေ့ပြောင်းရသူတွေက ပြောပါတယ်။ 

ရုရှားတပ်ဖွဲ့တွေဟာ ဆူမီမြို့ကနေ နယ်စပ်ဖြတ်ကျော်လာပြီး ရုရှားနိုင်ငံ ကာ့စ်ခ် ဒေသထဲ ရောက်ရှိနေတဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေချိန်မှာ ရွှေ့ပြောင်းမိန့် ထုတ်ခဲ့တာပါ။ 

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၆ ရက်က နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒါကို ယူကရိန်းရှိ စစ်မျက်နှာမှ အင်အားအရင်းအမြစ်တွေကို လမ်းကြောင်းလွှဲဖို့ ရုရှားကိုဖိအားပေးမယ့် ကြိုးပမ်းမှုလို့ မော်စကိုက ပြောကြားခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013