Home
နိုင်ငံတကာ
ရုရှားပိုင်နက် စတုရန်းကီလိုမီတာ ၁,၀၀၀ ခန့်ကို ယူကရိန်း ထိန်းချုပ်
DVB
·
August 13, 2024
Photo - Reuters

ယူကရိန်းအစိုးရဟာ ရုရှားနိုင်ငံ ခုရ်စ်ခ်ဒေသအတွင်း ဧရိယာစတုရန်းမိုင်တချို့ကို ထိန်းချုပ်ထားခဲ့ပြီးပြီလို့ ယူကရိန်း ထိပ်တန်းတပ်မှူးက သြဂုတ် ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

ဒါဟာ ၂ နှစ်ခွဲနီးပါးအတွင်း အကြီးမားဆုံး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို ယူကရိန်းက စတင်ခဲ့ပြီးတဲ့နောက် ပထမဆုံးသော လူသိရှင်ကြား မှတ်ချက်စကား ဖြစ်ပါတယ်။

“လက်ရှိအချိန်မှာတော့ ရုရှားဖက်ဒရေးရှင်းရဲ့ စတုရန်းကီလိုမီတာ ၁,၀၀၀ ဝန်းကျင်ဟာ ကျနော်တို့ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်” လို့ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ အိုလက်စန်ဒါ စီယာစကီက သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ဦးဆောင်တဲ့ အရာရှိများ အစည်းအဝေးအတွင်း ဗီဒီယိုလင့်ခ်ကတဆင့် အစီရင်ခံ တင်ပြခဲ့ပါတယ်။

ရုရှားကတော့ ယူကရိန်းရဲ့ ၇ ရက်ကြာ ကျူးကျော်မှုကို တွန်းလှန်ဖို့ ရုန်းကန်နေရဆဲပါ။

ဒီဒေသအတွက် လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်တခု ပြင်ဆင်ဖို့ ဇလန်းစကီးက ထိပ်တန်းအရာရှိများ အစည်းအဝေးမှာ အမိန့်ပေးခဲ့ပါတယ်။

ရုရှားနိုင်ငံ ခုရ်စ်ခ်ဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူး အလက်ဇီ စမီယာနော့ဗ်က ယူကရိန်းဟာ ရွာ ၂၈ ရွာကို ထိန်းချုပ်ထားပြီး ကျူးကျော်ဝင်ရောက်မှုဟာ နယ်စပ်ကနေ ၁၂ ကီလိုမီတာလောက် ဝေးပြီး ကီလိုမီတာ ၄၀ လောက် ကျယ်ဝန်းတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံကိုတိုက်ဖို့ တာဝေးပစ်လက်နက်တွေ သုံးနိုင်ရေး ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေဆီက ခွင့်ပြုချက်ယူဖို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သံတမန်တွေ လိုအပ်တဲ့ လုပ်ဆောင်ချက်စာရင်းကို တင်ပြဖို့ ယူကရိန်းခေါင်းဆောင်က အမိန့်ထုတ်ထားခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရုရှားနိုင်ငံရဲ့ ယူကရိန်းသိမ်းပိုက်ခံ ခုရ်စ်ခ်ဒေသအတွက် နောက်ထပ် အကြီးစား စစ်လက်နက် ပစ္စည်းတွေလို့ ပြောထားတဲ့ ဗီဒီယိုဖိုင်ကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြား အတည်မပြုနိုင်ပါဘူး။

ယူကရိန်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုရှားနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရုရှားနိုင်ငံ ခုရ်စ်ခ်ဒေသရဲ့ အနောက်ဘက် အစိတ်အပိုင်းတချို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့လို့ အဲဒီဒေသမှာ ရုရှားနယ်စပ် ကာကွယ်ရေး အားနည်းချက်ကို ချပြသလို ဖြစ်ခဲ့ပါတယ်။

ဒါဟာ စစ်ပွဲစတင်ကတည်းက ရုရှားပိုင်နက်ကို ယူကရိန်းရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမတိုင်မီ ညှိနှိုင်းရေးအနေအထားကို မြှင့်တင်ဖို့နဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို နှေးကွေးအောင်လုပ်ဖို့ ရည်ရွယ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013