ရုရှားနယ်မြေထဲကို ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်တာဟာ ရုရှားတပ်တွေကို ဖိအားပေးဖို့ ဖြစ်သလို တရားမျှတမှုကို ပြန်လည်ဖော်ထုတ်ဖို့ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။
ယူကရိန်းတပ်တွေဟာ ရုရှားနယ်မြေထဲ ကီလိမီတာ ၃၀ အထိ ဝင်ရောက်လာပြီး ၂၀၂၂ ဖေဖော်ဝါရီ ရုရှား ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းရဲ့ တန်ပြန်ထိုးဖောက်မှုမှာ အနက်ရှိုင်းဆုံးနဲ့ အတွင်းအကျဆုံး ဝင်ရောက်နိုင်မှုလည်း ဖြစ်ပါတယ်။
ရုရှားနယ်မြေထဲကို ယူကရိန်းဝင်တိုက်တာဟာ ဩဂုတ် ၁၂ ရက်မှာ တပတ်ပြည့်ပြီဖြစ်ပြီး ရုရှားအာဏာပိုင်တွေဟာ ဒေသခံတွေကို အသည်းအသန် ရွှေ့ပြောင်းပေးနေရကာ နယ်စပ်ဒေသ ၃ ခုမှာ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ရုရှားကို အလစ်အငိုက် မိသွားစေခဲ့တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ရုရှားနယ်မြေထဲ ဝင်တိုက်နေပြီလို့ လူသိရှင်ကြား အတည်ပြုလိုက်တဲ့ ဇလန်းစကီးက တိုက်ရတဲ့ အကြောင်းရင်းကိုပါ ဖြေရှင်းခဲ့ပါတယ်။
ဒီနှစ်နွေမှာ ကက်စ်ဒေသကနေ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ၂,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အမြောက်တွေ၊ မော်တာတွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ဒီလိုတိုက်ခိုက်မှုတိုင်းအတွက် မျှတတဲ့တုံ့ပြန်မှု ရှိသင့်တယ်လို့ ဇလန်းစကီးက ဆိုပါတယ်။
ကက်စ်ဒေသက လူနေနယ်မြေအချို့ပါ သိမ်းနိုင်တယ်လို့ ယူကရိန်းတပ်တွေက ထုတ်ပြန်ထားပါတယ်။
တချို့မြို့ငယ်လေးတွေ၊ ရွာကလေးတွေနားမှာလည်း တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနေပါတယ်။
ရုရှားဘက်က စစ်ကူတွေ ပို့အပြီးမှာ အခြေအနေ ပြန်ငြိမ်လာပေမဲ့ ယူကရိန်းဘက်ကလည်း လျင်လျင်မြန်မြန်ပဲ အားဖြည့်နေတယ်လို့ ရုရှားစစ်ဘလော့ဂါတွေက ထုတ်ပြန်ပါတယ်။
ယူကရိန်းဟာ အလွန်ဆုံး ရုရှားနယ်မြေ ကီလိုမီတာ ဆယ်ဂဏန်းသာ သိမ်းနိုင်ဦးမှာဖြစ်ပေမဲ့ ရုရှားကတော့ ယူကရိန်းနယ်မြေ ကီလိုမီတာ တသိန်းကျော် သိမ်းထားတာဖြစ်ပါတယ်။
Source-Reuters