Home
နိုင်ငံတကာ
တိုက်ပွဲပြင်းထန်နေသည့် ခါခိဗ်ဒေသရှေ့တန်းသို့ ယူကရိန်းသမ္မတ သွားရောက်
DVB
·
July 30, 2024
Photo - Reuters

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဇူလိုင် ၂၉ ရက်က ရုရှားတပ်တွေ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ခါခိဗ်ဒေသက ဗို့ဗ်ချန့်စ်ခ်ဧရိယာကို ဇူလိုင် ၂၉ ရက်က ရောက်လာပါတယ်။

"ဒီကနေ့ ကျနော်တို့ရဲ့ အထူးတပ်ဖွဲ့ စစ်သည်တွေကို ဂုဏ်ပြုပြီး သူတို့ကို နိုင်ငံတော် ဆုတွေ ပေးအပ်ဖို့ အဲဒီမှာ ရောက်ခဲ့ရတာ ဂုဏ်ယူမိပါတယ်" လို့ ဇလန်းစကီးက X လူမှုကွန်ရက်မှာ ပြောပါတယ်။  အဲဒိနောက် စစ်သည်တွေရဲ့ အောင်ပွဲအတွက်ဆု ချီးမြှင့်ခဲ့ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ မဟာဗျူဟာကျတဲ့ အရှေ့ပိုင်း ပေါ့ခ်ရော့ဗ်စ်ခ်မြို့နားမှာ အပြင်းထန်ဆုံး ချေမှုန်းဖို့ အာရုံစိုက်နေတယ်လို့ ရုရှားအစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးတဲ့နောက် ၂၉ လကျော်ကြာတဲ့ အခါမှာ အဓိက ထောက်ပံ့ရေးလမ်းကြောင်းတွေထဲက တခုကို ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။

ပေါ့ခ်ရော့ဗ်စ်ခ်မြို့အရှေ့ဘက် တိုက်ပွဲဟာ စစ်ပွဲဒဏ်ခံခဲ့ရတဲ့ ယူကရိန်း အရှေ့ဘက်မှာ အပြင်းထန်ဆုံးလို့ စစ်ဦးစီးချုပ်က ပုံမှန်စစ်မြေပြင်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း ရုရှားရဲ့ ချေမှုန်းမှု ၅၂ ကြိမ်ကို တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။

စစ်ကြိုကာလက လူဦးရေ ၆၁၀၀၀ ရှိပြီး သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်တဲ့ ပေါ့ခ်ရော့ဗ်စ်ခ်မြို့ဟာ ဒန်ညက်စ်ဒေသ ချာစဗ်ယာနဲ့ ကိုစတီယံတီနစ်ဗ်ခါမြို့လို တခြား တိုက်ပွဲတွေဖြစ်နေတဲ့ ယူကရိန်းတပ်စခန်းတွေဆီကို ထောက်ပံ့ရေး လမ်းကြောင်းတခုဖြစ်တဲ့ အရေးကြီးတဲ့ အဓိကလမ်းမကြီးပေါ်မှာ ရှိနေပါတယ်။ 

ဒီအတောအတွင်း ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ကို ရုရှားကဗုံးနဲ့တိုက်ခိုက်ခဲ့သလို ယူကရိန်းကလည်း ရုရှားလေတပ် စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားတပ်တွေက ခါခိဗ်မြို့လယ်ကို ပဲ့ထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ လူတဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရတဲ့အပြင် အဆောက်အဦတွေ ကားတွေ မီးလောင်ခဲ့တယ်လို့ အရာရှိတွေက ဇွန် ၃၀ ရက်မှာ ပြောပါတယ်။

ရုရှားနယ်စပ်နဲ့ ၁၈ မိုင်သာဝေးတဲ့ ဒီမြို့ဟာ ၂၀၂၂ ဖေဖော်ဝါရီလက ရုရှားလက်ကနေ လွတ်မြောက်ခဲ့ပေမဲ့ စစ်ပွဲအတွင်း မကြာခဏ ပစ်မှတ်ထား ခံနေရတာပါ။

အရင်လကစပြီး ခါခိဗ်ဒေသကို တကျော့ပြန် နယ်စပ်ဖြတ်ကျော် ကျူးကျော်လာတဲ့ ရုရှားတပ်တွေဟာ ပဲ့ထိန်းဗုံးတွေကို ပိုတိုးပြီး အားကိုးလာနေပါတယ်။

တနင်္လာနေ့မှာတော့ ဒေသတွင်း ရွာတရွာကို သိမ်းနိုင်ခဲ့တယ်လို့ ရုရှားကပြောပြီး အခက်ဆုံး စစ်ပွဲကို ရင်ဆိုင်နေရတယ်လို့ အထူးတပ်ဖွဲ့ဝင်တွေကို တနိုင်ငံလုံးက အားကိုးနေရတယ်လို့ ယူကရိန်း သမ္မတက ပြောပါတယ်။

နယ်စပ်တလျှောက် ရုရှားရဲ့ တိုက်ခိုက်မှု ၆ ရပ်ကို ယူကရိန်းတပ်တွေ တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က တနင်္လာနေ့မှာ ပြောပါတယ်။

ယူကရိန်းက ရုရှားပိုင်နက်အတွင်း မောင်းသူမဲ့လေယာဉ်နဲ့ ဇူလိုင် ၂၉ ရက် အစောပိုင်းက တိုက်ခိုက်ခဲ့လို့ ဒေသနှစ်ခုထဲက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ယူကရိန်းက တိုက်ခိုက်လို့ ရုရှားရေနံချက်စက်ရုံ မီးလောင်ခဲ့ပြီးတဲ့နောက် တစ်ရက် အကြာမှာ ထပ်ဖြစ်တာပါ။

ရုရှားနိုင်ငံ အနောက်ပိုင်း ဂလာဇူနော့ဗ်စကီခရိုင်မှာ ပစ်ချခံရတဲ့ ယူကရိန်းဒရုန်း နှစ်စင်းက အပျက်အစီးတွေ ပြုတ်ကျလို့ ဓာတ်အားပေးစက်ရုံတစ်ရုံ ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အန်ဒရေကလင့်ချ်ကို့ဗ်က Telegram မှာ ပြောပါတယ်။

ယူကရိန်းဒရုန်းတွေဟာ ရုရှားရဲ့ အသံထက်မြန်တဲ့ ဗုံးကြဲလေယာဉ်ထားရှိရာ ရုရှားနိုင်ငံ မြောက်ဘက် အစွန်ဆုံး အာတိတ်ဒေသ အခြေစိုက်စခန်းကို တိုက်ခိုက်နိုင်ဖို့ မိုင် ၁၁၀၀ အကွာအဝေးကို ပျံသန်းခဲ့ပါတယ်။

မြန်ရ်မန်စ်ခ် ဒေသမှာရှိတဲ့ အာယန်ညာလေယာဉ်ကွင်းကို ရည်မှန်းချက်ကြီးကြီး ဝင်ရောက်စီးနင်းချိန်မှာ ဖင်လန်နယ်စပ်ကနေ ကီလိုမီတာ ၂၀၀ အကွာမှာ မောင်းသူမဲ့လေယာဉ်တွေ ပျံသန်းနေတာ မြင်တွေ့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုရဲ့ ပစ်မှတ်က မဟာဗျူဟာမြောက် လေတပ်အခြေစိုက်စခန်းမှာ အခြေစိုက်တဲ့ တာဝေးပစ် ဒုံးကျည်တင် ဗုံးကြဲလေယာဉ် တူပိုလာ့ဗ် Tu-22M3 အမျိုးအစားဖြစ်တယ်လို့၊ ယူကရိန်း ထောက်လှမ်းရေး တပ်ဖွဲ့ကို ကိုးကားပြီး ရုရှသတင်းစာ ပရပ်ဗ်ဒါ က ဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013