ယူကရိန်းကို ရုရှားက စတင်ကျူးကျော်အပြီး ၂၉ လကျော်ကြာချိန်မှာ စောင့်မျှော်ခဲ့ရတဲ့ အမေရိကန်လုပ် တိုက်လေယာဉ်တွေ ရောက်ရှိလာပါပြီ။
ယူကရိန်းလေတပ်က လေယာဉ်မှူးတွေဟာ F-16 တိုက်လေယာဉ်တွေကို စပြီး မောင်းနှင်ပျံသန်းနေပြီလို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၄ ရက်မှာ ပြောလိုက်ပါတယ်။
စစ်ပွဲပထမနှစ်ကတည်းက ယူကရိန်းအစိုးရက လိုချင်နေခဲ့တဲ့ စစ်လေယာဉ် အထောက်အပံ့တွေ ရလာတာကို ယူကရိန်းခေါင်းဆောင်က ကြေညာခဲ့ပြီး F-16 နှစ်စင်း ကောင်းကင်မှာ ပျံသန်းနေတဲ့ လေတပ်စခန်းမှာ လေယာဉ်မှူးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
“F-16 ဂျက်လေယာဉ်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကျနော်တို့နိုင်ငံအတွက် စတင်အသုံးပြုနေပြီ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ အမျိုးသားတွေအတွက် ဂုဏ်ယူမိပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
အဲဒီလေတပ်စခန်းကိုတော့ လုံခြုံရေးအကြောင်းပြချက်ကြောင့် ဘယ်နေရာဆိုတာ အာဏာပိုင်တွေက ထုတ်မပြောခဲ့ပါဘူး။
ယူကရိန်းမှာ F-16 တိုက်လေယာဉ်တွေကိုသုံးဖို့ လေ့ကျင့်သင်ကြားထားတဲ့ လေယာဉ်မှူး မလုံလောက်သေးဘူးလို့ ဇလန်းစကီးက သတင်းထောက်တွေကို လေယာဉ်ကွင်း ကတ္တရာလမ်းပေါ်မှာ ပြောပါတယ်။
“အပြုသဘောဆောင်တဲ့ အချက်ကတော့ နောက်ထပ် F-16 တိုက်လေယာဉ်တွေကို ကျနော်တို့ မျှော်လင့်နေပါတယ်။ အခု တော်တော်များများ လေ့ကျင့်နေကြပါပြီ” လို့လည်း သူက ပြောပါတယ်။
ယူကရိန်းရဲ့ မဟာမိတ်တွေဟာ ယူကရိန်းလေယာဉ်မှူးတွေနဲ့ အင်ဂျင်နီယာအသင်းတွေ အတွက် လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ အခွင့်အလမ်းတွေကို တိုးချဲ့ဖို့ နည်းလမ်းတွေကို ရှာတွေ့ခဲ့လို့ ဒါက အလွန်အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
ခုအချိန်အထိ ယူကရိန်းဟာ ရုရှားရဲ့ ပိုအဆင့်မြင့်ပြီး ပိုများတဲ့ လေယာဉ်အုပ်တွေကို မယှဉ်နိုင်ဘဲ ဆိုဗီယက်ခေတ် သက်တမ်းရင့် စစ်လေယာဉ်တွေကို မှီခိုအားထားနေရပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံတဝန်းက ပစ်မှတ်တွေနဲ့ ယူကရိန်း ရှေ့တန်းနေရာတွေကို ဖိအားပေးဖို့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဗုံး ထောင်ချီကို သုံးပြီး ပုံမှန်တိုက်ခိုက်နေပါတယ်။
F16 တိုက်လေယာဉ်တွေမှာ ဘယ်လိုဒုံးကျည်တွေ တပ်ဆင်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပိုဝေးတဲ့နေရာဆီ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ဟာ စစ်မြေပြင်မှာ သက်ရောက်မှု ကြီးမားစေလိမ့်မယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
Source-Reuters