Home
မြန်မာသတင်း
သီလဝါဆိပ်ကမ်းတွင် ဆီတင်ယာဉ်များ တန်းစီစောင့်နေရ
DVB
·
August 13, 2024

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ချမပေးတဲ့အတွက် ဘောက်ဆာယာဉ်တွေ ရာနဲ့ချီပြီး တန်းစီစောင့်‌ဆိုင်းနေရတယ်လို့ ဘောက်ဆာယာဉ်မောင်းတွေထံက သိရပါတယ်။

ဩဂုတ်လဆန်းပိုင်းကစပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ဖြူးနေတဲ့ သီလဝါဆိပ်ကမ်းမှာ ဆီတင်ဘောက်ဆာယာဉ်တွေ အများအပြား ဆီတင်ဖို့ စောင့်ဆိုင်းနေရတာ တပတ်ကျော်အထိ ကြာမြင့်နေပြီဖြစ်ပြီး ရန်ကုန်ကဆီဆိုင်တွေမှာလည်း ဆီကို တန်းစီဝယ်ယူနေရတဲ့ ယာဉ်တန်းတွေ ဖြစ်ပေါ်နေပြန်ပြီလို့ ယာဉ်မောင်းတွေက ပြောပါတယ်။

Denko က ဆီဘောက်ဆာယာဉ်မောင်းတဦးက “ကုမ္ပဏီတွေဘက်က ဒေါ်လာပေါက်ဈေးနဲ့ ပတ်သက်ပြီး အတော်ဒုက္ခရောက်နေကြလို့ အခုလို ဒုက္ခရောက်နေကြတာ။ သူတို့မှာလည်း ဝယ်ဖို့ပိုက်ဆံ မရှိတော့ဘူး။ ဟိုကောင်တွေကလည်း သူတို့သတ်မှတ်တဲ့ဈေးနဲ့ ဒေါ်လာမချပေးနိုင်တော့ အကုန်ဒုက္ခရောက်နေတာ။ ကျွန်တော်အိမ်မပြန်ရတာ ၅ ရက်ရှိပြီ။ ဒီလိုဖြစ်နေတာ ၂ ခါရှိနေပြီ။ ကျနော်တို့ မထွက်နိုင်ရင်တော့ နယ်ဘက်တွေမှာ ဆီပြတ်မှာပဲ” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း စက်သုံးဆီတင် သင်္ဘောတွေ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပေမဲ့ ငွေမချေနိုင်တဲ့အတွက် ဆီချမပေးနိုင်လို့ ဘောက်ဆာယာဉ်တွေ ရက်အတော်ကြာအောင် တန်းစီစောင့်ဆိုင်းခဲ့ရပါသေးတယ်။

လက်ရှိ ရန်ကုန်မြို့၊ မန္တလေးမြို့တို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် တန်းစီစောင့်ဆိုင်းနေကြရပြီး တချို့ဆိုင်တွေမှာဆိုရင် အကန့်အသတ်နဲ့သာ ရောင်းချနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

အငှားယာဉ်မောင်းတဦးက “ဇူလိုင်လ နောက်ဆုံးအပတ်လောက်က ဆီပြတ်ပြီး ဆီပြန်ရပေမဲ့ ရက်‌ပိုင်းလောက်ပဲ ခံတယ်။ ပြန်တန်းစီရတာ ဒီနေ့အထိပဲ။ တချို့ဘောက်ဆာယာဉ်မောင်းတွေနဲ့ သိတဲ့သူတွေကတော့ သူတို့ဆီက ၅ ဂါလံလောက် တိုက်ရိုက်ဝယ်လို့ရတယ်။ အခုက ဘောက်ဆာသမားတွေပါ ညည်းနေကြတယ်။ သူတို့တောင် ဆီမရဖြစ်နေကြတာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းရဲ့ ရည်ညွှန်းဈေးကတော့ ၉၂ တလီတာကို ၂,၇၀၀ ကျော် သတ်မှတ်ထားပေမဲ့ ပြင်ပမှာတော့ တလီတာကို ကျပ် ၅,၀၀၀ ကျော်လောက်အထိ ဈေးပေါက်နေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024