Home
နိုင်ငံတကာ
ဗီယက်နမ် လေပိုင်နက်တွင် တရုတ်ဒရုန်းယာဉ်များ  ထောက်လှမ်းတွေ့ရှိ
DVB
·
August 12, 2024
Photo - Reuters

တရုတ်နိုင်ငံက ဒရုန်းယာဉ်တွေကို လတ်တလောအချိန်အတွင်း ၂ ကြိမ်တိုင်အောင် ဗီယက်နမ် လေပိုင်နက်ထဲမှာ ထောက်လှမ်းတွေ့ရှိထားပြီး ဒါဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံကြား စစ်တပ်တွေ ပူးတွဲလေ့ကျင့်နေတာကို ထောက်လှမ်းတာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

တရုတ်ရဲ့  WZ-10 ကင်းထောက် ဒရုန်းယာဉ်တွေ ဗီယက်နမ် လေပိုင်နက်ထဲကို ၂ ကြိမ် ဆက်တိုက် ဝင်ခဲ့တယ်လို့ အင်ဒိုနီးရှားအခြေစိုက် Airspace Review အေဂျင်စီကို တည်ထောင်သူ ရိုနီ စန်တာနီက ဒရုန်းပျံသန်းမှုဆိုင်ရာ အစီရင်ခံစာမှာ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သွေးခွဲအုပ်ချုပ်ခြင်းဆိုင်ရာ နည်းဗျူဟာကို အမြဲသုံးတယ်လို့ ဗီယက်နမ် မူဝါဒတွေနဲ့ နိုင်ငံတကာဆက်ဆံရေးကို လေ့လာတဲ့ အော့တဝါတက္ကသိုလ်က ဥပဒေပါမောက္ခ ဗူဒွတ်ခ်ဟိုင်က ပြောပါတယ်။

ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမဆို တရုတ်နိုင်ငံရဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံ အဆင့်အတန်းကို ထိခိုက်စေနိုင်လို့ နှောင့်ယှက်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ ဗူက ပြောပါတယ်။

ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကြား ပူးတွဲ ကမ်းခြေစောင့် လေ့ကျင့်မှုအပြီး တပတ်အတွင်း ဒရုန်းတွေ ကျူးကျော်ဝင်ရောက်လာတာပါ။ 

ပထမအကြိမ်က သြဂုတ် ၂ ရက်မှာ ဖိလစ်ပိုင်ရေတပ်ဦးစီးချုပ်နဲ့  ဗီယက်နမ် ကာကွယ်ရေးဦးစီးချုပ်တို့ ဟနွိုင်းမှာ တွေ့ချိန်မှာ ဝင်လာတာပါ။

ဖြစ်ရပ်နှစ်ခုစလုံးမှာ Wing Loong-10 မောင်းသူမဲ့လေယာဉ် (UAV) ဒရုန်းက တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကနေ ဗီယက်နမ်နိုင်ငံ သီးသန့်စီးပွားရေးဇုန် (EEZ) ဆီဝင်လာခဲ့ပါတယ်။

အဲဒီနောက် ကမ်းရိုးတန်းတလျှောက် ကီလိုမီတာ ၈၀၀ လောက်အကွာမှာ ပျံသန်းပြီး ပန်ဇန်းခရိုင်နားကနေ လှည့်ပြန်သွားခဲ့တယ်လို့ ဘယ်လ်ဂျီယံအခြေစိုက် စစ်တပ်အထောက်အထား ခွဲခြားဖော်ထုတ်ရေးအဖွဲ့က ပြောပါတယ်။

လေကြောင်း ပျံသန်းမှုမှတ်တမ်း အင်တာနက် စာမျက်နှာ Flightradar24 က ​​အချက်အလက်တွေအရ ပျံသန်းမှုနှစ်ခုစလုံးမှာ တူညီတဲ့ ဒရုန်းကို သုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဟနွိုင်းမြို့က တရုတ်သံရုံးနဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်တွေအတွက် စုံစမ်းမေးမြန်းမှုကို ပြန်မဖြေခဲ့ပါဘူး။

ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နှစ်နိုင်ငံစလုံးဟာ မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းပေါ်က စပရတ်တလေကျွန်းစုရဲ့ အစိတ်အပိုင်းတွေကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။

ဒါပေမဲ့ တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားတာပါ။ 

ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ကမ်းခြေစောင့်တပ်တွေဟာ ပထမဆုံးသော ပူးတွဲမီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းကို သောကြာနေ့မှာ လုပ်ခဲ့ပြီး နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်မ တွေကြား ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်ချိန် တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ရင်ဆိုင်နေရပါတယ်။

ခုသီတင်းပတ်အစောပိုင်းက မနီလာမြို့ကို ရောက်လာတဲ့ ဗီယက်နမ်နိုင်ငံ သင်္ဘော CSB 8002 ဟာ ဖိလစ်ပိုင်ကမ်းလွန် ကင်းလှည့်သင်္ဘော BRP ဂေဘရီယယ်လာ စီလန်းနဲ့အတူ  မီးငြှိမ်းသတ်ရေး၊ ကယ်ဆယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှုတို့စပြီး အသွင်ယူ လေ့ကျင့်နေပါတယ်။

 Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013