မောင်းသူမဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ကမ္ဘာပေါ်က တခြားနိုင်ငံတွေထက် ဦးအောင် တရုတ်နိုင်ငံက အရှိန်မြှင့် ထုတ်လုပ်နေလို့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ခြိမ်းခြောက်နေတယ်လို့ ရိုက်တာသတင်းဌာနက ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရိုဘော့တက္ကစီတွေက တက္ကစီခတွေကို လျှော့ပေးနေသလို ယာဉ်မောင်းသင်တန်းတွေက ရာချီတဲ့ လူသားနည်းပြတွေကိုလည်း အစားထိုးနေလို့ တရုတ်နိုင်ငံမှာ ဒီနည်းပညာနဲ့ ပတ်သက်လို့ စကားရည်လုပွဲတွေ စတင်ငြင်းခုံနေပါပြီ။
တရုတ်အလယ်ပိုင်း ဝူဟန်မြို့ရဲ့ လမ်းတွေပေါ်မှာ မောင်းသူမဲ့ကားတွေကို စောစော စမ်းသပ်မောင်းနှင်နေပါတယ်။
တရုတ် အင်တာနက်နဲ့ ဉာဏ်ရည်တု နည်းပညာကုမ္ပဏီ ဘိုင်ဒူရဲ့ အပိုလိုဂိုး ဆော့ဖ်ဝဲလ်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့က သူ့ကွန်ရက်ထဲမှာ မြို့လူဦးရေ တဝက်ကျော်ဖြစ်တဲ့ ဒေသခံ ၇ ဒသမ ၇ သန်းအတွက် နေ့စဉ် ၂၄ နာရီပတ်လုံး၊ အပတ်စဉ် ၇ ရက်စလုံး မောင်းသူမဲ့ ကားတွေကို စီမံပြေးဆွဲနေပါပြီ။
မောင်းသူမဲ့ကားတွေက လုပ်ငန်းစဉ်တခုလုံးကို ကြီးကြပ်ရုံသာမက အကူအညီ လိုအပ်ရင်လည်း ကိစ္စတခုခု ပေါ်တဲ့အခါ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်တဲ့ ဝန်ဆောင်မှုကို ထည့်သွင်းထားပါတယ်။
အပိုလိုဂိုးကြောင့် ဖြစ်တဲ့ လူသားယာဉ်မောင်းတွေရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်တောင်းခံရာမှာ ကုမ္ပဏီက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။
မြို့တွင်း ခရီးတိုတွေရဲ့ အစိတ်အပိုင်း အများအပြားကို မောင်းသူမဲ့ ရိုဘော့ တက္ကစီတွေက ကြီးစိုးထားလို့ သူတို့ဝင်ငွေထိခိုက်တယ်လို့ ရိုက်တာသတင်းဌာနက လိုက်လံမေးမြန်းတဲ့ ယာဉ်မောင်းတွေက ဖြေပါတယ်။
၂၀၃၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ မြို့ပေါင်း ၁၀၀ အထိ တိုးချဲ့မယ့် အစီအစဉ်တွေကို ဘိုင်ဒူ ကုမ္ပဏီက ကြေညာခဲ့ပြီး ဝူဟန်မှာ နောက်ထပ် ရိုဘော့တက္ကစီ စီးရေ ၁,၀၀၀ ထပ်တိုးဖို့ ရည်မှန်းထားပါတယ်။
Source-Reuters