တရုတ်နိုင်ငံမှာ ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ နယူးယောက်အခြေစိုက် တက်ကြွလှုပ်ရှားသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြီး သူ့တွေ့ရှိချက်တွေကို ပေကျင်းနဲ့ မျှဝေခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံခြားအေးဂျင့်အဖြစ် တရားမဝင် လုပ်ဆောင်မှုနဲ့ တရုတ်ပညာရှင် ဝမ်ရှုကျူးကို သြဂုတ် ၆ ရက်က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံးမှာ တပတ်ကြာ ရုံးတင်စစ်ဆေးပြီးနောက် ဝမ်ရှုကျူးဟာ အမေရိကန်ရှေ့နေချုပ်ကို အသိပေးခြင်းမရှိဘဲ နိုင်ငံခြားအေးဂျင့်အဖြစ် လုပ်ဆောင်တာနဲ့ အမေရိကန် အာဏာပိုင်တွေကို လိမ်ညာတာ အပါအဝင် စွဲချက် ၄ ခုမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေက တွေ့ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဝမ်ရှုကျူးဟာ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံသူတွေနဲ့ ဝီဂါနဲ့ တိဘက် အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေရဲ့ ယုံကြည်မှုကို ရရှိအောင် အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြင်းထန်တဲ့ ပြိုင်ဘက်အဖြစ် သူ့ကိုယ်သူ ပုံဖော်ထားပါတယ်။
ဝမ်ရှုကျူးဟာ တက်ကြွလှုပ်ရှားသူတွေအပေါ် အမှန်တကယ် သူလျှိုလုပ်နေပြီး သူ့တွေ့ရှိချက်တွေကိုလည်း တရုတ်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (MSS) က အရာရှိ ၄ ဦးနဲ့ မျှဝေခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။
ဝမ်ရှုကျူးဟာ ၁၉၉၄ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့အခြေချခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ဝမ်ရှုကျူးဟာ သူတို့ရဲ့ပံ့ပိုးကူညီမှုကို ရရှိပြီး လူမှုရေးအပြောင်းအလဲကို မြှင့်တင်ဖို့ရာ ဒီမိုကရေစီရေး လှုပ်ရှားမှုအကြောင်း ထောက်လှမ်းရေးအရာရှိတွေနဲ့ စကားပြောဆိုခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်တာ မဟုတ်ဘူးလို့ တရားခံရှေ့နေ ဇာကရီ မားဂလစ်စ် အိုနုမာက ပြောပါတယ်။
ဝမ်ရှုကျူးကို ထိန်းချုပ်ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရတဲ့ တရုတ်ထောက်လှမ်းရေး အရာရှိ ၄ ဦးကိုလည်း အမေရိကန်အစိုးရရှေ့နေတွေက တရားစွဲဆိုထားပါတယ်။ အဲဒီအရာရှိတွေဟာ လွတ်မြောက်နေပြီး တရုတ်နိုင်ငံမှာ ရှိနေတယ်လို့ ယူဆထားပါတယ်။
အမေရိကန် တရားရေးဌာနဟာ မကြာသေးခင်နှစ်တွေအတွင်း တရုတ်နဲ့ အီရန်လို အမေရိကန်ရန်ဘက်တွေရဲ့ ‘နိုင်ငံဖြတ်ကျော်ဖိနှိပ်မှု’ ကို နှိမ်နင်းခဲ့ပါတယ်။
Source-Reuters