Home
မြန်မာသတင်း
လိုင်ဇာအနီး ဗုံးလာကြဲသည့် စစ်ကောင်စီလေယာဉ်ကို တရုတ်က အချက်ပြမီးပစ်ဖောက် သတိပေး
DVB
·
August 9, 2024

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး တရုတ်နယ်စပ် လိုင်ဇာမြို့အနီးမှာ တရုတ်ဘက်က လေကွဲအချက်ပြမီးတွေ ပစ်ဖောက် သတိပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KIO/KIA ဌာနချုပ် လိုင်ဇာမြို့နဲ့ နမ်ဆန်ယန်ကျေးရွာကြားရှိ မိုင်ဆတ်ပါကျေးရွာအပြင် မိုးမောက်မြို့နယ် စီဟက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က သြဂုတ် ၈ ရက်က လေယာဥ်နဲ့ ဗုံးသီးတွေ ကြဲချခဲ့တာကြောင့် ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ ပါတယ်။

လိုင်ဇာမြို့အနီးကို သြဂုတ် ၈ ရက်က စစ်ကောင်စီတပ်ရဲ့ Y12 လေယာဉ်အမျိုးအစားလို့ ယူဆရတဲ့လေယာဉ် ပျံဝဲလာတာကြောင့် တရုတ်ဘက်ခြမ်းက လေကွဲအချက်ပြမီးတွေ ပစ်ဖောက်ခဲ့သလို တရုတ်ဂျက်လေယာဉ်တွေလည်း ပျံဝဲမှုရှိခဲ့တယ်လို့ လိုင်ဇာမြို့ခံတွေက ပြောပါတယ်။

လိုင်ဇာဒေသခံ အမျိုးသမီးတဦးက “တရုတ်နာရီနဲ့ဆို ၂ နာခွဲ၊ မြန်အချိန် ၁ နာရီခွဲပေါ့။ လေယာဉ်သံနားထောင်ကြည့်ရတာတော့ Y12 အမျိုးအစားပဲ။ လေယာဉ်နဲ့ ဗုံးလာကြဲချသွားတာ။ လေယာဉ် ၂ စီးအရင်လာတယ်။ အဲ့တာကြောင့် တရုတ်ဘက် မီးနီတန်းတွေ ထွက်လာတာတာ။ အဲ့ညက တရုတ်ဘက်ခြမ်းက မီးလုံးတန်းတွေ တက်လာတာတွေ့လိုက်တယ်။ တရုတ်က အချက်ပြမီးတွေ ပစ်ဖောက်လိုက်လို့ ထင်တယ်။ နည်းနည်းကြာမှ လေယာဉ်ထပ်လာပြီး လိုင်ဇာမြို့ကို မဟုတ် အနီးအနားက မိုင်ဆပ်ပါရွာဘက်မှာ သွားကြဲခဲ့တယ်ထင်တယ်။ မနက်ကျမှ မိုင်ဆပ်ပါရွာမှာ ကျတာ သိရတယ်”လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မိုင်ဆပ်ပါကျေးရွာကို ဩဂုတ် ၈ ရက်နေ့ မနက်ပိုင်း တနာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိုင်ဆပ်ပါကျေးရွာရှိ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တို့မှာ သုံးကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားတဲ့ ကချင်ပြည်နယ်ထဲမှာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်တလျှောက်မှာလည်း ဩဂုတ်လဆန်းပိုင်းကစပြီး တရုတ်ကင်း ထောက်လေယာဉ်တွေ နေ့စဉ်ကင်းလှည့်ပျံဝဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာချိန်တိုင်း စစ်ကောင်စီတပ်က လိုင်ဇာမြို့နဲ့ အနီးတစ်ဝိုက်ကို လေကြောင်းကနေ လာရောက်ပစ်ခတ်မှုတွေ ရှိသလို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို အမြဲစိုးရိမ်နေပါတယ်။

ဒေသခံတဦးက “လေယာဉ်လာမှာကိုပဲ အမြဲစိုးရိမ်နေရတယ်။ လေယာဉ်သံကြားတာနဲ့ ကတုတ်ကျင်းထဲဝင်ပြေးရတာ။ သူတို့က ရမ်းသန်းပစ်နေတော့ ဘယ်မှာကျမလဲ စိုးရိမ်နေရတယ်လေ။ လေယာဉ်ဝဲပြီဆို အဲ့တညလုံး အိပ်မပျော်တော့ဘူး။ ဘယ်နားဗုံးကျပြီလဲ ပြည်သူတွေ မထိခိုက်အောင် ဆုတောင်းတာပဲ တတ်နိုင်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဩဂုတ် ၈ ရက် ညမှာပဲ  KIA က ထိုးစစ်ဆင်သိမ်းပိုက်ရရှိထားတဲ့  မိုးမောက်မြို့နယ်အတွင်းက စီဟက်ကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့  အရပ်သားထိခိုက်ဒဏ်ရာရရခဲ့ပြီး သက်ကြီးရွယ်အို အမျိုးသမီး ၂ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လတ်တလောတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီက စခန်းလက်မလွတ်ရရေးအတွက် မြေပြင်ကနေရော လေကြောင်းကနေပါ အပြင်းအထန် ခုခံနေ ပါတယ်။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024