Home
နိုင်ငံတကာ
ထရမ့်ပ် မဲဆွယ်အဖွဲ့ ရုံးတွင်းဆက်သွယ်မှုများ အီရန်ဟက်ကာများ ဖောက်ထွင်းရယူ
DVB
·
August 11, 2024
Photo - REUTERS/Umit Bektas

ရုံးတွင်းဆက်သွယ်မှုတွေ ဖောက်ထွင်းခံခဲ့ရပြီး အီရန်ဟက်ကာတွေက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်နိုင်တယ်လို့  ဒေါ်နယ်ထရမ့်ပ် မဲဆွယ်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

ထရမ့်ပ်ရဲ့ တွဲဖက် ဒုတိယသမ္မတလောင်း ဂျေဒီဗန့်စ်ကို နောက်ကြောင်းလိုက်ထားတဲ့အချက် အလက်တွေ အပါအဝင် မဲဆွယ်အဖွဲ့ရဲ့ စာရွက်စာတမ်းတွေ သူတို့ဆီကို အီးမေးလ်ကတဆင့် ပေးပို့လာတယ်လို့ အမေရိကန် သတင်းဝက်ဘ်ဆိုက် Politico က ထုတ်ပြန်ပါတယ်။ 

အဲဒီစာရွက်စာတမ်းတွေဟာ စစ်မှန်ကြောင်း Politico က အတည်ပြုထားပါတယ်။ ဒီစာရွက်စာတမ်းတွေဟာ အမေရိကန်အပေါ် ရန်လိုတဲ့ ပြည်ပရင်းမြစ်တွေက တရားမဝင် ရယူခဲ့တာဖြစ်ပြီး ၂၀၂၄ ရွေးကောက်ပွဲကို ဝင်စွက်ဖက်လိုတာကြောင့် ဖြစ်တယ်လို့ မဲဆွယ်အဖွဲ့ တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။ 

ဒီစာရွက်စာတမ်းတွေနဲ့ အီရန်ဟက်ကာတွေ ဒါမှမဟုတ် အီရန်အစိုးရအကြား ဘယ်လိုဆက်စပ်နေသလဲဆိုတာတော့ မဲဆွယ်အဖွဲ့က ရှင်းရှင်းလင်းလင်း မထုတ်ပြန်ပါဘူး။ 

ပြီးခဲ့တဲ့ဇွန်လအတွင်း အမည်မဖော်ပြထားတဲ့ အမေရိကန်သမ္မတလောင်းတဦးရဲ့ မဲဆွယ်မှုကို ပစ်မှတ်ထားပြီး အီရန်ဟက်ကာတွေက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတစောင်ကို မိုက်ခရိုဆော့ဖ်က ထုတ်ပြန်ခဲ့အပြီးမှာ ထရမ့်မဲဆွယ်အဖွဲ့က အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။ 

မိုက်ခရိုဆော့ဖ်ရဲ့  Threat Analysis Center (MTAC) က ထုတ်ပြန်မှုပါတဲ့ အချိန်နဲ့ ထရမ့်ပ်က ဒုသမ္မတလောင်း ရွေးတဲ့အချိန်နဲ့ တိုက်ဆိုက်မှုရှိတယ်လို့ ထရမ့်ပ်မဲဆွယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သုံးသပ်ပါတယ်။ 

ထရမ့်ပ်ဟာ သူ့ပထမသက်တမ်းတုန်းကလို အီရန်ကို ထိန်းချုပ်ဟန့်တားမှာစိုးတဲ့အတွက် လုပ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဗန့်စ်ရဲ့ ကိုယ်ရေးနောက်ကြောင်း အချက်အလက်တွေအပြင် ဒုသမ္မတလောင်းနေရာ စဉ်းစားခံရတဲ့ အခြားတဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် မာကိုရူဘီယိုအကြောင်း နောက်ကြောင်းလိုက်ထားတာတွေပါ ပါဝင်တယ်လို့ Politico ဝက်ဘ်ဆိုက်က ထုတ်ပြန်ပါတယ်။ 

ဒါပေမဲ့ ဒီအချက်အလက်တွေဟာ အများပြည်သူ သိနိုင်တဲ့ကိစ္စတွေပဲလို့လည်း ဆိုပါတယ်။ သမ္မတလောင်း မဲဆွယ်အဖွဲ့တွေဟာ ဒုသမ္မလောင်း ရွေးတဲ့အခါမှာ ရွေးပြီးမှ အရှက်မကွဲရအောင် နောက်ကြောင်းလိုက်ပြီး ပြဿနာရှိနိုင်တဲ့ကိစ္စတွေကို ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013