Home
မြန်မာသတင်း
စစ်ဘေးရှောင်သူများကြောင့် ရန်ကုန်ရှိ အိမ်ငှားနေထိုင်သူများအပေါ် ဂယက်ရိုက် 
DVB
·
August 9, 2024

ရန်ကုန်ရှိ နေအိမ်ကို အိမ်ငှားတင်ထားပြီး အဝေးရောက်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အိမ်ရှင်တွေအနေနဲ့ စစ်ဘေးရှောင်ပြီး ပြန်လည်ပြောင်းရွှေ့​လာတာကြောင့် လက်ရှိ အိမ်ငှားသမားတွေ ပြောင်းရွှေ့ပေးရတဲ့ အခြေအနေတွေ ရှိလာနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။

နေပြည်တော်၊ မန္တလေး၊ ရှမ်းပြည်ဘက် ရောက်ရှိနေတဲ့ အိမ်ရှင်တွေက ငှားရမ်းထားတဲ့ အိမ်ငှားသမားကို ဖယ်ခိုင်းတာ၊ အလျော်ပေးပြီး စာချုပ်ဖျက်တာ စတဲ့အခြေအနေကြောင့် အားချင်း အိမ်အသစ်ထပ်ရှာရတာမျိုးတွေ ဖြစ်နေတယ်လို့ သူတို့ကဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ တိုက်ခန်းငှားနေထိုင်သူတဦးက “အိမ်ရှင်က နေပြည်တော်မှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာအရာရှိ။ နေပြည်တော်လည်း ခပ်လှုပ်လှုပ်ဖြစ်နေတော့ သူ့မိသားစုကို ပြန်ပို့ထားဖို့ဆိုပြီး လမပြည့်ဘဲ ဆင်းခိုင်းတယ်။ ဝါတွင်းကာလ အိမ်အပြောင်းအရွှေ့ မလုပ်ချင်လို့ စာချုပ်ပြည့်မှ ဆင်းပေးနိုင်မယ်ဆိုပြီး ပြောထားရတယ်” လို့ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က အိမ်ငှားနေထိုင်သူတဦးကလည်း အိမ်ရှင်က စစ်ဘေးရှောင်နေရာက ပြန်နေဖို့ဆိုပြီး အခန်းအသစ်ရှာဖို့ တလကြိုတင်​အသိပေး ပြောလာတယ်လို့ ဆိုပါတယ်။

တချို့အိမ်ရှင်တွေကလည်း စစ်ဘေးရှောင်ရတဲ့ ဆွေမျိုးတွေကို လက်ခံထားဖို့အတွက် လက်ရှိ အိမ်ငှားတွေကို ဆင်းခိုင်းတာ၊ လစာပိုပေးတဲ့သူတွေရှိလို့ ဆက်မနေခိုင်းတော့တာမျိုးတွေ ရှိနေတယ်လို့လည်း ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

ဒေါပုံမြို့နယ်မှာ အိမ်ငှားနေထိုင်သူတဦးက “အခုက အရင်ကတည်းက ငှားနေတဲ့သူတွေ မျက်ခုံးလှုပ်နေရတယ်။ အိမ်ခန်းစျေးတွေကလည်း ပါးစပ်စျေးဖြစ်နေတော့ ပိုက်ဆံမက်တဲ့ အိမ်ရှင်နဲ့တိုးရင် မလွယ်ဘူး။ ပွဲစားတွေကလည်း သူတို့ပိုက်ဆံရဖို့ပဲ ကြည့်တာ” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ပြီးနောက်မှာ အဲဒီဒေသကလူတွေအနေနဲ့ ရန်ကုန်ကို တဖြည်းဖြည်း စစ်ဘေးရှောင်လာကြပြီး လာရှိုးမြို့သိမ်းတိုက်ပွဲမှာ စစ်ဘေးရှောင် ရောက်ရှိလာသူ ပိုများလာတယ်လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တချို့က ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ငွေ့သန်းနေတဲ့ မေမြို့က ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေ၊ အရပ်သား ပြည်သူတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာကြပြီး မန္တလေးနဲ့ ရန်ကုန်တို့ဆီ အများဆုံး ဦးတည်လာနေကြတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013