စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူတွေ မိုးရာသီကာလ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းရောဂါတွေ အဖြစ်များနေတယ်လို့ People Healthcare Network (Kalay) အဖွဲ့ကနေ သိရပါတယ်။
ဇူလိုင်လကုန်ပိုင်းကစကာ ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေနဲ့ စစ်ဘေးရှောင် စခန်းတွေမှာ သွေးလွန်တုပ်ကွေးကို ကလေးငယ်တွေ အပါအဝင် အသက် ၂၀ ဝန်းကျင်အရွယ်အထိ ဖြစ်ပွားနေပြီး အယောက် ၁၀၀ နီးပါးရှိပြီလို့ သိရပါတယ်။
ရာသီအကူးအပြောင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေကြသူလည်း ၂၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။
People Healthcare Network (Kalay) တာဝန်ခံ ဆရာဝန်က “သွေးလွန်တုပ်ကွေးက မိုးဦးကျမှာ ခြင်ကြားကိုက်လို့ ဖြစ်ကြတာပေါ့နော်။ အရင်ကတော့ ကလေးတွေပဲ ဖြစ်ကြတာ။ အခုဆို ၁၈ နှစ် ပတ်ချာလည် လူကြီးတွေမှာပါ ပြန်ဖြစ်နေကြတာ။ သေဆုံးတဲ့အထိတော့ မရှိသေးဘူး” လို့ ပြောပါတယ်။
ကလေးနယ်မှာ ရေကြီးမှုနဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ကုန်စျေးနှုန်းတွေ တက်နေသလို ဆေးဝါးတွေလည်း ဝယ်ယူရခက်နေတယ်လို့ သိရပါတယ်။
“ဆေးက သယ်ခွင့်မရတာ၊ ဘယ်ကား ဘယ်ဂိတ်မှ မသယ်ရဲတာ။ ဖမ်းတာ ရိုက်တာတွေရှိတယ်။ မိုးများပြီး ချောင်းရေလျှံလို့ ရေကြီးတာကြောင့် ဝယ်လို့ရတဲ့ဆေးတောင် သယ်ဖို့အရမ်းခက်နေတာ” လို့ ဆက်ပြောပါတယ်။
ကလေးတောင်ပိုင်းက စစ်ဘေးရှောင်တွေဟာ မိုးရာသီကာလ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် စားနပ်ရိက္ခာအခက်အခဲ ကြုံနေရပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အခါမှာလည်း အရေးပေါ် ထွက်ပြေးတိမ်းရှောင်ကြရတာတွေ ရှိပါတယ်။