ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်မှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက စစ်ဘေးရှောင်ရင်း ပြေးလာကြတဲ့ စစ်ကောင်စီတပ်မိသားစုတွေ မနေ့ သြဂုတ် ၆ ရက်က အိမ်ခန်း လိုက်လံရှာဖွေ ငှားရမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးနဲ့ မိုးကုတ်မြို့ဘက်က ပြောင်းလာတဲ့ စစ်ကောင်စီတပ် မိသားစုတွေဟာ ပုသိမ်မြို့ပေါ်မှာ အိမ်ခန်းငှားမရတာကြောင့် ကြက်ပေါင်တိုက်နယ်နဲ့ ရွာသစ်တိုက်နယ်တွေ ဘက်မှာ အိမ်ခန်း လိုက်လံရှာဖွေ ငှားရမ်းနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဝန်ထမ်းတွေနဲ့ နီးစပ်သူ ပုသိမ်မြို့ခံတယောက်က “သြဂုတ် ၆ ရက်နေ့ တရက်တည်း ပြောင်းလာတဲ့ မိသားစုတွေ ၉ စုလောက် ရှိတယ်လို့ သိရတယ်။ လက်ရှိ ရခိုင်ဘက်ကပြောင်းနေတဲ့ အရပ်သား စစ်ရှောင်တွေနဲ့ ဝန်ထမ်း မိသားစုတွေလည်း ပုသိမ်မှာ မနည်းဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဟာ စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး ပုသိမ်မြို့ပေါ်မှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ငပလီမြို့နယ်တွေက စစ်ဘေးရှောင်တွေ များပြားနေသလို စစ်ကောင်စီတပ်ရဲ့ မိသားစုဝင်တွေပါ အိမ်ခန်းငှားနေမှု များပြားလာနေတာကြောင့် အိမ်ခန်းငှားမရ ဖြစ်နေတယ်လို့ သိရပါတယ်။
အိမ်ခန်းငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်သူ ဒေသခံတယောက်က “ကျနော်တို့ ဧရာဝတီတိုင်းက လွတ်မြောက်နယ်မြေတခုလို ဖြစ်နေတော့ ပြေးလာပြီး အိမ်ခန်းငှားနေတာ။ လားရှိုးနဲ့ မန္တလေးတိုင်းဘက်က ပြောင်းလာတာ။ အများဆုံးကတော့ စစ်တပ်မိသားစုတွေနဲ့ စစ်တပ်လက်အောက်ခံ ဝန်ထမ်းမိသားစုတွေပဲ” လို့ ပြောပါတယ်။
ပုသိမ်မြို့က အိမ်ခန်းအငှားလုပ်ကိုင်သူတွေ အနေနဲ့ စစ်ကောင်စီတပ်က သူတို့မိသားစုတွေ လာရောက်တိမ်းရှောင်နိုင်ဖို့ ဖိအားပေး အိမ်ခန်းငှားရမ်းလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။