ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုဟာ ဆိုရှယ်မီဒီယာ စာတိုပေးပို့တဲ့ WhatsApp အပလီကေးရှင်းကို မသုံးစွဲတော့ဘူးလို့ ပြောကြားရင်း တခြားသူတွေကိုလည်း မသုံးကြတော့ဖို့ တိုက်တွန်းပါတယ်။
အဲဒီအက်ပ်ဟာ စစ်သားတွေနဲ့ ရဲအရာရှိတွေရဲ့ မိသားစုတွေကို ခြိမ်းခြောက်ဖို့အတွက် လုပ်ဆောင်ထားတာလို့ သြဂုတ် ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
WhatsApp ဟာ ဗင်နီဇွဲလားကို ခြိမ်းခြောက်ဖို့အတွက် အသုံးပြုနေတာကြောင့် WhatsApp နဲ့ ဆက်ဆံရေးကို ဖြတ်တောက်တော့မှာဖြစ်ပြီး သူ့ဖုန်းထဲကနေ WhatsApp ကို အပြီးတိုင် ဖျက်ပစ်လိုက်တော့မယ်လို့ မာဒူရိုက စုဝေးပွဲတခုမှာ သူ့ထောက်ခံသူတွေကို ပြောကြားခဲ့တာပါ။
သူ့ရဲ့အဆက်အသွယ်တွေကို တယ်လီဂရမ်နဲ့ ဝီချက်တ်ကို ဖြည်းဖြည်းချင်း ပြောင်းသွားမှာ ဖြစ်ပြီး ဒီလို လုပ်ကိုလုပ်ရမယ်၊ ဘာ WhatsApp မှ မပြောကြနဲ့လို့လည်း သူကဆိုပါတယ်။
WhatsApp မှာ ရာဇဝတ်ကောင်တွေက လူငယ်တွေ၊ နာမည်ကြီး ခေါင်းဆောင်တွေကို ခြိမ်းခြောက်နေတာလို့လည်း ပြောသွားပါတယ်။
ဗင်နီဇွဲလား ရွေးကောက်ပွဲ အာဏာပိုင်တွေက မာဒူရိုကို ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲ အောင်နိုင်သူအဖြစ် ကြေညာပြီးကတည်းက မဲစာရင်းတွေကို ပြသဖို့ ငြင်းဆိုနေတာကြောင့် မာဒူရို အစိုးရဟာ ပြည်တွင်းမှာရော၊ ပြည်ပ နိုင်ငံတကာ ဖိအားအောက်မှာ ရှိနေပါတယ်။
ကိုယ်စားလှယ်လောင်း အက်ဒ်မွန်ဒို ဂွန်ဇာလေ့ဇ်ဟာ မဲ ၆၇ ရာခိုင်နှုန်းလောက် ရရှိခဲ့ကြောင်း အတိုက်အခံတွေကိုယ်တိုင် ပြုစုထားတဲ့ အသေးစိတ် စာရင်းဇယားမှာ ပြသခဲ့ပါတယ်။
မဲအရေအတွက် ၄ သန်းနီးပါးလောက်နဲ့ အနိုင်ရဖွယ်ရှိပြီး အဲဒီပမာဏဟာ မာဒူရိုရဲ့ ထောက်ခံမှုထက် ၂ ဆကျော် ရရှိတဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။
Source-Reuters