Home
နိုင်ငံတကာ
ဗင်နီဇွဲလားသမ္မတနှင့် အတိုက်အခံတို့ ရွေးကောက်ပွဲအနိုင်ရကြောင်း အပြိုင်ကြေညာ
DVB
·
July 30, 2024
Photo - REUTERS/Fausto Torrealba

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုဟာ မဲ ၅၁ ရာခိုင်နှုန်းနဲ့ တတိယသက်တမ်း အနိုင်ရတယ်လို့ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ကောင်စီ (CNE)က ထုတ်ပြန်လိုက်ပြီး အတိုက်အခံတွေဘက်ကလည်း သူတို့နိုင်တယ်လို့ အပြိုင်ကြေညာလိုက်ပါတယ်။ 

အတိုက်အခံသမ္မတလောင်း အက်ဒ်မွန်ဒို ဂွန်ဇာလက်ဟာ မဲ ၄၄ ရာခိုင်နှုန်းနဲ့ ရှုံးနိမ့်တယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ 

ရွေးကောက်ပွဲ ကောင်စီရဲ့ ကြေညာချက်ဟာ အတိုက်အခံဘက်က နိုင်တယ်လို့ တွက်ချက်တားတဲ့ မဲရုံအထွက်စစ်တမ်း ကောက်ယူမှု အများအပြားနဲ့ ကွဲလွဲနေပြီး အငြင်းပွားစရာ ဖြစ်လာပါတယ်။

ရလဒ်ကို ဖုံးထားလို့မရဘူး၊ တိုင်းပြည်က ငြိမ်းချမ်းတဲ့ အပြောင်းအလဲကို ရွေးလိုက်ပြီလို့ ဂွန်ဇာလက်က ၂၈ ရက်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် မာရီယာကော်ရီနာမာချာဒိုက သူထောက်ခံထားတဲ့ အတိုက်အခံသမ္မတလောင်း ဂွန်ဇာလက်ဟာ မဲ ၇၀ ရာခိုင်နှုန်းနဲ့ အနိုင်ရကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မာချာဒိုကို ရွေးကောက်ပွဲ ပြိုင်ခွင့်ပိတ်ထားတာကြောင့် အသက် ၇၄ နှစ်အရွယ် သံတမန်ဟောင်း ဂွန်ဇာလက်က ကိုယ်စားဝင်ပြိုင်ခဲ့တာဖြစ်ပြီး သူတို့နိုင်တယ်ဆိုတာ တကမ္ဘာလုံးသိတယ်လို့လည်း မာချာဒိုက ပြောကြားခဲ့ပါတယ်။

အသက် ၆၁ နှစ်အရွယ် ဘတ်စကားဒရိုက်ဘာဟောင်း လက်ရှိသမ္မတ မာဒူရိုဟာ စစ်တပ်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ စစ်တမ်း အများစုမှာ ဂွန်ဇာလက်က မဲ ၆၅ ရာခိုင်နှုန်းနဲ့ အပြတ်နိုင်တယ်လို့  တွက်ချက်ထားတာ ဖြစ်ပါတယ်။

သမ္မတ နိကိုလပ်စ် မာဒူရိုက သူအနိုင်ရကြောင်း အခိုင်အမာ ကြေညာခဲ့ပြီးနောက်မှာတော့ ဇူလိုင် ၂၉ ရက်က ကာရာကာ့စ်မြို့တော်ရှိ သမ္မတအိမ်တော်အနီးနဲ့ ရွေးကောက်ပွဲအာဏာပိုင်ရုံးတချို့ အပြင်ဘက်မှာ အပါအဝင် နိုင်ငံတဝန်း မြို့ကြီးတွေနဲ့ မြို့တော်တွေမှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ရပ်ကွက်ထဲမှာ ကာစီရိုလာဇိုလို့ ခေါ်တဲ့ လက်တင်အမေရိက ရိုးရာဆန္ဒပြ အစဉ်အလာအတိုင်း အိုးတွေခွက်တွေကို တီးခတ်ထုနှက် ဆန္ဒပြကြပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြမှုတွေမှာလည်း ချီတက်လာသူ အများအပြားဟာ သူတို့အိမ်ကနေ အိုးတွေခွက်တွေ အများအပြားကို ယူဆောင်တီးခတ် ချီတက်ကြပါတယ်။ 

ဗင်နီဇွဲလားပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့က ညနေ ၆ နာရီအထိ ပြည်နယ် ၂၀ မှာ ဆန္ဒပြမှု ၁၈၇ ခု ရှိခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ 

ဆန္ဒပြသူတစ်ဦးက “အစိုးရက ရွေးကောက်ပွဲကို ခိုးယူလို့ နိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒပြတာဖြစ်ပြီး လူငယ်တွေအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲတွေရဲ့ တစိတ်တပိုင်းအနေနဲ့ ဖယ်လ်ကွန်ပြည်နယ်ရဲ့ မြို့တော် ကိုရို မှာ ဆန္ဒပြသူတွေဟာ မာဒူရိုရဲ့ လက်ဦးဆရာ ဖြစ်တဲ့ ကွယ်လွန်သူ သမ္မတဟောင်း ဟူးဂိုးရှာဗက်ဇ်ရဲ့ ရုပ်တုကို ဖြိုချခဲ့ပါတယ်။ မဲရေတွက်မှု သို့မဟုတ် ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

တနင်္ဂနွေနေ့ သန်းခေါင်ကျော်ပြီးချိန်မှာ ရွေးကောက်ပွဲအာဏာပိုင်တွေက မာဒူရိုဟာ မဲအရေအတွက် ၅၁ ရာခိုင်နှုန်းနဲ့ တတိယအကြိမ် အနိုင်ရခဲ့ပြီး ၂၀၂၅ မှ ၂၀၃၁ ခုနှစ်အထိ သမ္မတအဖြစ် ကြေညာခဲ့ပြီး “တရားဝင်မဲအများစု” ကို ရရှိခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မဲဆန္ဒရှင်တွေက ဒီရလဒ်ကို မယုံနိုင်စရာ လို့ ခေါ်ဆိုကြပြီး အမှီအခိုကင်းတဲ့ ရွေးကောက်ပွဲစစ်တမ်းတွေမှာတော့ အတိုက်အခံပါတီမှ ဂွန်ဇာလက်ဇ်က ၆၅  ရာခိုင်နှုန်း လောက် ရထားပြီး မာဒူရိုကတော့ ၁၄ ရာခိုင်နှုန်းနဲ့ ၃၁ ရာခိုင်နှုန်းကြားမှာ ရှိနေတယ် လို့ ပြထားပါတယ်။

အတိုက်အခံခေါင်းဆောင်တွေနဲ့ ပြည်ပစောင့်ကြည့် လေ့လာသူတွေကတော့ မဲစာရင်းတွေကို ထုတ်ပြန်ပေးဖို့ ရွေးကောက်ပွဲအာဏာပိုင်တွေကို တိုက်တွန်းကြပါတယ်။ ဝါရှင်တန်နဲ့ တခြားနိုင်ငံအစိုးရတွေကတော့ ရလဒ်တွေအပေါ် သံသယဝင်ပြီး မဲစာရင်းကို ဇယားကွက်နဲ့ စာရင်းအပြည့်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မာဒူရိုက အနိုင်ရကြောင်း ကြေညာခဲ့ပြီးချိန်မှာပဲ နိုင်ငံတွင်းရှိ ပြည်သူတွေသာမက ပြည်ပရောက် နိုင်ငံတကာမှ ဗင်နီဇွဲလားနိုင်ငံသားတွေကလည်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013