Home
နိုင်ငံတကာ
ရွေးကောက်ပွဲ သစ္စာဖောက်မှုကြောင့် သမ္မတဟောင်း ဇူးမားကို ANC ထုတ်ပယ် 
DVB
·
July 30, 2024
Photo - REUTERS/Siphiwe Sibeko

တောင်အာဖရိက သမ္မတဟောင်း ဂျက်ကော့ဘ်ဇူးမားဟာ မေလ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီကို ထောက်ခံခဲ့တာကြောင့် ဇူးမားကို အာဖရိကအမျိုးသားကွန်ဂရက် (ANC) ကနေ ထုတ်ပယ်လိုက်ကြောင်း ဇူလိုင် ၂၉ ရက် ANC က ပြောပါတယ်။

သမ္မတဟောင်း ဂျက်ကော့ဘ်ဇူးမားကို အဖွဲ့ဝင်အဖြစ်ကနေ မရပ်ဆိုင်းရသေးချိန်မှာပဲ သူဟာ ANC ရဲ့ ဂုဏ်သိက္ခာကို လိုလိုလားလား ဆန့်ကျင်ပြီးတော့ ANC ကို အာဏာကနေ ဖြုတ်ချဖို့ မဲဆွယ်နေခဲ့တာလို့ ANC အထွေထွေ အတွင်းရေးမှူး ဖှီကီလယ် အမ်ဘာလူလာက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း ဇူးမားဟာ ANC ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု တခုလုံးအပေါ် သံသယဖြစ်အောင် အန္တရာယ်ရှိတဲ့ ပလက်ဖောင်းပေါ်မှာ လုပ်ဆောင်နေတာကြောင့် ဒီအပြုအမူဟာ ANC ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ စည်းကမ်းနဲ့ အဖွဲ့အစည်းဆိုင်ရာ သဘောထားတွေနဲ့ မလျော်ညီဘူးလို့လည်း ဆိုပါတယ်။

ဇူးမားဟာ အထွေထွေရွေးကောက်ပွဲမှာ အူမ်ခွန်တို ဝီစီဇွယ် (MK) ပါတီသစ်ကို ထောက်ခံမယ်လို့ ကြေညာလိုက်ပြီးနောက် ဇန်နဝါရီလမှာ သူ့ကို ANC ကနေ ရပ်ဆိုင်းခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ သူဟာ MK ရဲ့ ခေါင်းဆောင်နဲ့ ရှေ့တန်းကပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

MK ဟာ အခုချိန်မှာ တရားဝင် အတိုက်အခံ ပါတီဖြစ်ပါတယ်။ MK ဟာ စစ်တမ်းမှာ မျှော်မှန်းထားတာထက် ပိုကောင်းစွာ စွမ်းဆောင်နိုင်ခဲ့ပြီး မဲ ၁၅ ရာခိုင်နှုန်းလောက်ကို အနိုင်ရပါတယ်။

ဒါဟာ ANC ရဲ့ မကြုံစဖူး ရွေးကောက်ပွဲရှုံးနိမ့်မှုမှာ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ANC ဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၄၀ ဒသမ ၁၈ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ ၅၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ကျဆင်းခဲ့တာကြောင့် ၁၉၉၄ ခုနှစ်က အသားအရောင် ခွဲခြားမှုကို အဆုံးသတ်ကာ အာဏာရလာပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ညွန့်ပေါင်းအစိုးရ ဖြစ်လာရပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာ ဇူးမားကို ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ချက် ထွက်ရှိလာအပြီးမှာ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို MK ပါတီက တုံ့ပြန်ခဲ့ပြီး ANC ရဲ့ လုပ်ငန်းစဉ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဇူးမား အပေါ်  “ဆိုးရွားတဲ့ မတရားမှုတွေ” ကို ရှုတ်ချခဲ့ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024