Home
နိုင်ငံတကာ
ခရစ်ယာန်များ မိမိကို ဒီတကြိမ်မဲပေးပြီးပါက နောင်ပေးစရာမလိုတော့ဟု ထရမ့်ပ်ပြော
DVB
·
July 28, 2024
Photo - REUTERS/Marco Bello

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က အခုနိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ခရစ်ယာန်တွေ သူ့ကို မဲပေးကြဖို့နဲ့ ဒီတခါ မဲပေးပြီးရင် အကုန်ကောင်းအောင် ပြင်ဆင်ပေးမှာဖြစ်လို့ နောက်တခါ မဲပေးစရာကို မလိုတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ 

ရွေးကောက်ပွဲနဲ့ရွေးတဲ့ ဒီမိုကရေစီစနစ်မှာ နောင်မဲပေးစရာမလိုတော့အောင် လုပ်ပေးမယ်ဆိုတဲ့ စကားက အနက်အမျိုးမျိုးကောက်လို့ရတဲ့အတွက် ဝေဖန်စရာဖြစ်နေပြီး ထရမ့်ပ်ဟာ ၂၀၂၀ တုန်းကလည်း သမ္မတဂျိုးဘိုင်ဒင် ကိုရှုံးတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ငြင်းခဲ့ဖူးပြီး သူ့ထောက်ခံသူတွေက ကက်ပီတယ်လ်လွှတ်တော်အဆောက်အအုံကို ဝင်စီးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ 

ထရမ့်ပ်ဟာ ဖလော်ရီဒါပြည်နယ်မှာ ကွန်ဆာဗေးတစ်အုပ်စု Turning Point Action က ကျင်းပတဲ့ ပွဲတခုမှာ တက်ရောက်မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ “ခရစ်ယာန်တွေ ဒီတခေါက်တော့ မဲထွက်ပေးကြပါ။ နောက်တခါ ထပ်ပေးစရာ မလိုတော့ဘူး။ နောက် ၄ နှစ်ပဲ။ ပြင်ဆင်လိုက်မှာ။ ကောင်းသွားမှာ။ နောင် မဲပေးစရာကို မလိုတော့ဘူး။ လှပတဲ့ ခရစ်ယာန်တွေရေ” လို့ ထရမ့်ပ်က ပြောပါတယ်။ 

ထရမ့်ပ်က သူ ခရစ်ယာန်တွေကို ချစ်ကြောင်း၊ သူကိုယ်တိုင်လည်း ခရစ်ယာန်တဦးဖြစ်ကြောင်း၊ အခု မဲထွက်ပေးပြီးရင် အကုန်ကောင်းအောင်ပြင်ဆင်ပြီးသား ဖြစ်သွားမှာကြောင့် နောက်ထပ် မဲပေးစရာ မလိုတော့ကြောင်း ထပ်ပြောခဲ့ပါသေးတယ်။ 

ဒီဇင်ဘာတုန်းကလည်း ဖောက်စ်နယူးစ်နဲ့ အင်တာဗျူးတခုမှာ သူသာ ရွေးကောက်ပွဲနိုင်ရင် ပထမဆုံးနေ့မှာတော့ အာဏာရှင်ဖြစ်လာမှာဖြစ်ကြောင်း၊ ဒါကလည်း မက္ကဆီကိုနဲ့ တောင်ပိုင်းနယ်စပ်ကို ပိတ်ပစ်ဖို့နဲ့ ရေနံတူးဖော်မှုတိုးချဲ့ဖို့အတွက်သာ ဖြစ်ကြောင်း ပြောဖူးပါတယ်။ 

ဒီမိုကရက်တွေက ဒီမှတ်ချက်ကို ဝိုင်းဝန်းတိုက်ခိုက်တဲ့အခါမှာတော့ ဟာသတခုသာ ဖြစ်တယ်လို့ ထရမ့်ပ်က ဖြေရှင်းခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013