Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကွမ်းသီးအနုဈေး ကျဆင်း၊ စိုက်ပျိုးရောင်းဝယ်သူများ အခက်တွေ့
DVB
·
August 6, 2024
Photo - Myo Thu

ဧရာဝတီတိုင်းမှာ ကွမ်းသီးအနု တပိဿာ ကျပ် ၉,၈၀၀ အထိ ဈေးကျဆင်းသွားလို့ စိုက်ပျိုးသူတွေနဲ့ အရောင်းအဝယ်လုပ်သူတွေပါ အခက်အခဲ ဖြစ်နေတယ်လို့ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ မေလနဲ့ ဇွန်လက ကွမ်းသီးအနု တပိဿာ ကျပ် ၂၅,၅၀၀ အထိ ဈေးပေါက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်လောက်က စတင်ကာ ဈေးကျလာပြီး လက်ရှိ သြဂုတ် ၅ ရက်အထိ ကွမ်းသီးအနု တပိဿာ ကျပ် ၉,၈၀၀ သာ ဈေးပေါက်တော့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ကွမ်းသီးအနုရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင်တယောက်က “ကွမ်းသီးအနုဈေးက မတည်ငြိမ်ဖြစ်နေတာ။ စိုက်တဲ့သူတွေဆို ဈေးမေးပြီး မရောင်းတော့တာ။ ဒီကွမ်းသီးဈေးကွက်က ခဏနေ တက်လိုက် ပြီးတော့ ပြန်ကျလိုက်ပဲ။ ပြည်တွင်းတင်ပို့တဲ့ ကွမ်းသီးနုရဲ့ အဓိကဈေးကွက်က တရုတ်ဈေးကွက်ဆိုတော့ တရုတ်တွေက သူတို့လိုချင်တဲ့အချိန်ကျ ဈေးပိုပေးတယ်။ မလိုအပ်တဲ့အချိန်ကျတော့ ဈေးလျှော့ချတယ် လုပ်နေတာ။ ကွမ်းသီးအရည်အသွေးကိုလည်း အရင်ထက် ပိုတင်းကျပ်လာတယ်။ အရောင်းအဝယ်လုပ်ရတာ အဆင်ပြေတဲ့အချိန် သိပ်မရှိဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ကွမ်းသီးအနုတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချပြီး ကွမ်းသီးအနုဈေးကွက် မတည်မငြိမ်ဖြစ်နေတာကြောင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ဝယ်သီးအနုရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “အရောင်းအဝယ်ပါးနေတဲ့ အဓိကအကြောင်းအရင်းက အခုလို ဈေးထိုးကျတာကြောင့် အရောင်းအဝယ်ပါးသွားတာ။ အရင်က အခုလိုအချိန်ဆို အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတာ။ အရောင်းအဝယ် အရမ်းဖြစ်တာလေ။ အခုက ထလုပ်ရင် ရှုံးပြန်တာပဲ။ တကြိမ်ရှုံးရင် ငွေသိန်းဆယ်ချီရှုံးတာဆိုတော့ နားပဲနေလိုက်တာ” လို့ ပြောပါတယ်။

အခုလို ကွမ်းသီးနုဈေးကွက် မတည်မငြိမ်ဖြစ်နေတာဟာ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ဈေးနှုန်း မရှိတာနဲ့ တရုတ်ဘက်က သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ ဝယ်ယူနေရတာကြောင့်ဖြစ်ပြီး အရင်က တရက်ကို ပိဿာချိန်သိန်းချီ အရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ပိဿာချိန် ထောင်ဂဏန်းအထိသာ အရောင်းအဝယ် ဖြစ်တော့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013