Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ နုတ်ထွက်ပေးရန် ဆန္ဒပြ၊ အပြင်မထွက်ရ အမိန့်ထုတ်
DVB
·
August 5, 2024
Photo - REUTERS/Mohammad Ponir Hossain

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သြဂုတ် ၄ ရက်က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ လူတဒါဇင်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဟာစီနာကို ဝေဖန်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သူ့အစိုးရဟာ လှုပ်ရှားမှုကို ဖြိုခွင်းဖို့ အင်အားအလွန်အကျွံ သုံးနေတယ်လို့ စွပ်စွဲခဲ့ပြီး သူနဲ့ ဝန်ကြီးတွေကတော့ စွဲချက်ကို ငြင်းဆိုထားပါတယ်။

အင်တာနက်ဝန်ဆောင်မှုတွေကို ပိတ်ပစ်ဖို့ အစိုးရကို လှုံ့ဆော်ခဲ့တဲ့ မငြိမ်မသက်မှုတွေဟာ ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဟာဆီနာက ၄ ကြိမ်မြောက် အနိုင်ရပြီးတဲ့နောက် အကြီးမားဆုံးစမ်းသပ်မှု ဖြစ်လာပါတယ်။

အဲဒီရွေးကောက်ပွဲကို အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက သပိတ်မှောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက လူ ၁၅၀ ထက်မနည်း သေဆုံးပြီး လူထောင်ချီ ဒဏ်ရာရတဲ့ အစိုးရ အလုပ်ခွဲတမ်းကို ဆန့်ကျင်တဲ့ ကျောင်းသားအဖွဲ့တွေရဲ့ ဦးဆောင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အကြမ်းဖက် ဖြိုခွင်းမှုမှာ ဖမ်းဆီးခံရသူ အယောက် ၁၀,၀၀၀ လောက် ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အကန့်အသတ်မရှိ၊ နေ့ရောညပါ အပြင်မထွက်ရ အမိန့်ကို ဖီဆန်ပြီး မြို့တော်ဒါကာကို ချီတက်ကြဖို့ ဆန္ဒပြပွဲကို ဦးဆောင်နေတဲ့ ကျောင်းသားတွေက  နှိုးဆော်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မူလကတည်းက ဖြတ်တောက်ပိတ်ပင်မှုတွေရှိတဲ့ အင်တာနက်ကို အလုံးစုံဖြတ်တောက်ဖို့ အမိန့်ပေးလိုက်ပါတယ်။

လူဖတ်အများဆုံး ဒါကာထရီဗြွန်းနဲ့ ဘင်္ဂလားထရီဗြွန်းသတင်းစာနှစ်ခုစလုံးရဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း ဝင်ရောက်လို့မရတော့ပါဘူး။ ဒါကြောင့် နောက်ဆုံးအခြေအနေကို ချက်ချင်းသိဖို့ ခက်ခဲနေပါတယ်။

ဆန္ဒပြပွဲတွေအတွင်း ဩဂုတ် ၄ ရက် တရက်တည်း လူ ၉၀ ကျော် သေဆုံးခဲ့ပြီး  ဇူလိုင်လကစတွက်ရင် စုစုပေါင်း ၂၈၀ ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ပါတယ်။

အစိုးရက တနင်္ဂနွေနေ့ ည ၆ နာရီကစလို့ နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း အပြင်မထွက်ရ ကာဖျူးအမိန့်နဲ့ တနင်္လာနေ့ကစတဲ့ ၃ ရက် အထွေထွေအားလပ်ရက် ကြေညာထားပါတယ်။

ကျောင်းသားခေါင်းဆောင်တွေကတော့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ချီတက်ပွဲမှာ ပူးပေါင်းကြဖို့ တောင်းဆိုထားပါတယ်။

အစိုးရဝန်ထမ်းနေရာတွေမှာ လွတ်လပ်ရေးတိုက်ပွဲဝင်ရာမှာ ပါခဲ့တဲ့ မိသားစုတွေအတွက် ခွဲတမ်းနဲ့ ခန့်အပ်ပေးတဲ့ စနစ်ကို ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးမှာ ခွဲတမ်းစနစ်မှာ ရာနှုန်းလျှော့ချပေးဖို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေကို လိုအပ်တာထက်ပိုပြီး ရက်ရက်စက်စက် အင်အားသုံး နှိမ်နင်းခဲ့မှုနဲ့ အခြား အရပ်ရပ် မကျေနပ်ချက်တွေကြောင့် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အတိုက်အခံတွေက သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲ ထပ်နိုင်ပြီး ၄ ကြိမ်ဆက် အာဏာရထားတဲ့ ဝန်ကြီးချုပ် ဟာဆီနာ ရာထူးက ဆင်းပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေအဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။

လူဦးရေ သန်း ၁၇၀ ရှိတဲ့ နိုင်ငံတဝန်းမှာ ရထားခရီးစဉ်တွေ ရပ်ဆိုင်းထားသလို အဓိက ဝင်ငွေရှာပေးနေတဲ့ အထည်ချုပ်လုပ်ငန်းကြီး တခုလုံးပါ ရပ်ဆိုင်းနေပါတယ်။

တနင်္ဂနွေနေ့က တရက်တည်း အသေအပျောက်အများဆုံး ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်လည်း ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

“အစိုးရဟာ ကျောင်းသားတွေ အများကြီး သတ်ခဲ့ပြီးပြီ၊ နောက်ဆုံးအဖြေပေးဖို့ အချိန်ကျပြီ၊ လူတိုင်း ဒါကာကိုချီတက်ပြီး လမ်းတွေမှာ နေရာယူကြပါ” လို့ ဆန္ဒပြခေါင်းဆောင် တဦးဖြစ်တဲ့ အဆစ်ဖ် မာမွတ်က ဖေ့စ်ဘွတ်ခ်ကနေ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတော့ ကာဖျူးအမိန့်ကို လိုက်နာကြဖို့ အားလုံးကို တိုက်တွန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ စစ်တပ်က တာဝန်ထမ်းဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024