Home
နိုင်ငံတကာ
ရာသီဥတုပြောင်းလဲမှု ဆန္ဒပြပွဲ ဟန်ဂေရီတွင်ပြုလုပ်
DVB
·
August 3, 2024
Photo -REUTERS

ဟန်ဂေရီနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအပေါ် ရာသီဥတုဖောက်ပြန်မှုက ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှုကို သတိပြုမိစေဖို့ လယ်ယာဝန်ကြီးဌာနကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ဟန်ဂေရီ လယ်သမားအုပ်စုတစ်စုဟာ သြဂုတ် ၁ ရက်က ဘူဒါပတ်စ်မြို့လယ်ကို ကုလားအုတ် ၂ ကောင်ကို ခေါ်လာခဲ့ပါတယ်။

ကုလားအုတ်တွေနဲ့ သဲကန္တာရကြား ဆက်စပ်မှုက သိသာထင်ရှားတာကြောင့် တိုင်းပြည်ရဲ့ သဲကန္တာရကို မီးမောင်းထိုးပြဖို့အတွက် ကုလားအုတ်တွေကို အသုံးပြုဖို့ အကြံရခဲ့တာပါလို့ ဆန္ဒပြပွဲစီစဉ်သူ လာ့စ်ဇလို ကူလ်ဆာက ပြောပါတယ်။

ရာသီဥတုပြောင်းလဲလာပြီး ကီလိုမီတာ ၄၈,၀၀၀ လမ်းကြောင်းစနစ်တွေမှာ ခြောက်သွေ့တဲ့ သက်ရောက်မှုကို ပိုဆိုးလာတာက သိသာတဲ့ပြဿနာတွေ ဖြစ်လာတာလို့ ဆိုပါတယ်။

ဂီတပညာရှင်တွေနဲ့ တင်ဆက်သရုပ်ပြသူတွေနဲ့အတူ ဆန္ဒပြသူတွေဟာ ခြောက်သွေ့ကာလတွေအတွင်း ရေသွင်းစိုက်ပျိုးရေးအတွက် ပိုလျှံမိုးရေတွေနဲ့ ရေလွှမ်းမိုးမှုမှ ရေတွေကို ထိန်းသိမ်းမယ့် အစီအစဉ်တွေလုပ်ဖို့ အစိုးရကို တောင်းဆိုကြတာပါ။

ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုက ဟန်ဂေရီကို အထူးသဖြင့် ပြောင်း၊ စပါးနဲ့ နေကြာပန်းတွေ ထုတ်လုပ်ရာ အဓိက စိုက်ပျိုးရေးဇုန်ဖြစ်တဲ့ အလယ်ပိုင်း ဟိုမော့ခတ်ဆာ့ဂ် ဒေသကို ပိုခြိမ်းခြောက်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

မိုးခေါင်ရေရှားမှုတွေကြောင့် မကြာသေးတဲ့နှစ်တွေအတွင်း အဲဒီကဏ္ဍဟာ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးခဲ့ရကြောင်း လယ်သမားတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်တုန်းက "သမိုင်းဝင်" မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံသုံးငွေကြေး ဖိုရန့်ငွေ ဘီလီယံ ၁၀၀၀ ဆုံးရှုံးခဲ့ကြောင်း လယ်ယာဝန်ကြီးဌာနမှ သိရပါတယ်။

အခုနှစ်မှာလည်း ဟန်ဂေရီမှာ အလားတူ ခြောက်သွေ့မယ့် လက္ခဏာတွေကို ကြုံခဲ့ရပါတယ်။ ဇူလိုင် ၃၁ ရက်က ထုတ်ပြန်တဲ့ ဟန်ဂေရီ မိုးလေဝသဌာနရဲ့ အစီရင်ခံစာအရ နိုင်ငံဧရိယာရဲ့  ၈၀  ရာခိုင်နှုန်းကျော်ဟာ မိုးခေါင်ရေရှားမှုကို အလယ်အလတ်အဆင့်မှ ပြင်းထန်အဆင့်ထိ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အခုနှစ် မိုးခေါင်မှုကြောင့် ပြောင်းဖူးထုတ်လုပ်မှု တခုတည်းမှ အမြတ်ငွေ အနည်းဆုံး ဒေါ်လာ ၆၅၅ သန်း ဆုံးရှုံးခဲ့ရကြောင်း ဘောဂဗေဒပညာရှင် ဂျော်ဂီရာ့စ်ကိုရဲ့ ပြောကြားချက်ကို ကိုးကားပြီး RTL ရုပ်သံချန်နယ်မှာ ဖော်ပြပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013