ဇူလိုင်လအတွင်း လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ရတဲ့ အလုပ်အကိုင်ခွဲတမ်းများဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို ဘင်္ဂလားဒေ့ရှ် ဥပဒေစိုးမိုးရေးအရာရှိတွေက မြို့တော်ဒါကာမှာ ဇူလိုင် ၂၉ ရက်က ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့လက တက္ကသိုလ်တွေနဲ့ ကောလိပ်တွေမှာ စတင်ခဲ့တဲ့ ဆူပူအုံကြွမှုကနေ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေအထိ ကျယ်ပြန့်သွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ညမထွက်ရ အမိန့် ထုတ်ခဲ့ရတာပါ။
လမ်းတွေပေါ်မှာ စစ်တပ်ကကင်းလှည့်ခဲ့ရပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေပါ ဆိုင်းငံ့ထား ခဲ့ရကာ အဓိကရုဏ်းတွေ အတွင်း လူထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။
ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေ၊ အမေရိကန်နဲ့ ဗြိတိန်တို့က ဆန္ဒပြသူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လက်ကိုင်ထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုခဲ့ပြီး ဆန္ဒပြသူတွေအပေါ် အင်အားသုံးတဲ့လုပ်ရပ်ကို ဝေဖန် ပြစ်တင်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ လက်အောက်ကနေ လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ၁၉၇၁ ခုနှစ် စစ်ပွဲက စစ်ပြန်တွေရဲ့ မျိုးဆက်တွေအတွက် ဝေစုချန်ပေးရတဲ့ အစိုးရအလုပ်အကိုင် နေရာတွေအတွက် ခွဲတမ်းတွေ ပြန်သတ်မှတ်ဖို့ အထက်တန်းတရားရုံးက အမိန့်ချခဲ့လို့ ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
ဇူလိုင် ၂၁ ရက်မှာ တရားရုံးချုပ်က အလုပ်အကိုင် ၉၃ ရာခိုင်နှုန်းကို အရည်အချင်းနဲ့ ရွေးချယ်ဖို့ ဆုံးဖြတ်ပြီး ခွဲတမ်းအများစုကို ဖျက်သိမ်းပြီးတဲ့နောက် ကျောင်းသားတွေကလည်း ဆန္ဒပြပွဲကို ခဏရပ်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီနောက်မှာမှ ခုလို အဖမ်းအဆီးတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters