Home
နိုင်ငံတကာ
တရားရုံးကို မဲစာရင်းတင်ပြပါက ရှောင်လွှဲမရသည့် အကျိုးဆက်ဖြစ်နိုင်ဟု ဗင်နီဇွဲလားသမ္မတ သတိပေး 
DVB
·
August 4, 2024
Photo - Reuters

တကယ်လို့ အတိုက်အခံသမ္မတလောင်း အဒ်မွန်ဒိုဂွန်ဇာလေ့ဇ်ဟာ အတိုက်အခံတွေရဲ့ မဲစာရင်းတွေကို တရားလွှတ်တော်ချုပ်ကို တင်ပြမယ်ဆိုရင် ရှောင်လွှဲမရတဲ့ အကျိုးဆက်တွေဖြစ်သွားမယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက သြဂုတ် ၂ ရက်မှာ သတိပေး ပြောဆိုခဲ့ပြီး အဲဒီလိုမလုပ်ရင် ကိုယ့်ဒုက္ခကိုယ် ရှာသလိုဖြစ်မယ်လို့လည်း ပြောလိုက်ပါတယ်။

မာဒူရိုက “ဂွန်ဇာလေ့ဇ်ဟာ တရားရေးဆိုင်ရာ ခုံရုံးမှာ သူကိုယ်တိုင် သွားတင်ပြပြီး မှတ်တမ်းတွေ မတင်ဘူးဆိုရင် ကြီးလေးတဲ့ ဥပဒေအကျိုးဆက်တွေ ရှိလိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ သူက ခုံရုံးကိုသွားပြီး သူ့ဝက်ဆိုက်နဲ့ အဲဒီဝက်ဆိုက်စာမျက်နှာမှာ တင်ထားတဲ့ အရှုပ်အထွေးတွေကို သွားတင်ပြမယ်ဆိုရင် ဂွန်ဇာလေ့ဇ်အပြင် ရှေ့နေတွေ၊  နိုင်ငံရေးခေါင်းဆောင်တွေ၊ သူတို့ကိုထောက်ခံတဲ့ အူန်နွီဗိုတီယမ်ပိုနဲ့ အမ်ယူဒီကာတယာ နိုင်ငံရေးပါတီတွေလည်း ရှောင်လွှဲမရတဲ့ အကျိုးဆက်တွေ ရှိကုန်မှာဖြစ်ပြီးတော့ အဲဒါက ဥပဒေနဲ့ ခုံရုံးကို အတုအယောင် လုပ်တာပဲ”လို့ ပြောပါတယ်။

မဲအရေအတွက် ၄ သန်းနီးပါးနဲ့ အနိုင်ရပြီး မာဒူရိုထက် ထောက်ခံမှု ၂ ဆကျော် ရရှိခဲ့တဲ့ ဂွန်ဇာလေ့ဇ် ဟာ မဲ ၆၇ ရာခိုင်နှုန်း ရရှိဖွယ်ရှိကြောင်း သူ့ကိုယ်ပိုင် အသေးစိပ်စာရင်းဇယားမှာ ဖော်ပြထားကြောင်း အတိုက်အခံတွေက ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲ အပြီးမှာ မှတ်ပုံတင်ထားတဲ့ အတိုက်အခံ သက်သေတွေဟာ မဲပေးစက် ၈၂ ရာခိုင်နီးပါးကို ရရှိထားတာဖြစ်ပြီး သူတို့ဟာ ပြည်တွင်းမဲစာရင်းတွေကို စကင်န်ဖတ်ထားတဲ့ မိတ္တူတွေကို ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။

သြဂုတ် ၁ ရက်မှာ မာဒူရိုရဲ့တောင်းဆိုချက်အရ ခုံရုံးဟာ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဂွန်ဇာလေ့ဇ်နဲ့ တခြားကိုယ်စားလှယ်လောင်း အားလုံးကို ရလဒ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေအကြားမှာ မဲစာရင်းတွေကို တင်ပြဖို့ ဆင့်ခေါ်ခဲ့ရာမှာ ဂွန်ဇာလေ့ဇ်မှလွဲပြီး ကိုယ်စားလှယ်လောင်းအားလုံး သောကြာနေ့က လာရောက်ကြပြီး စာရွက်စာတမ်းတွေမှာ လက်မှတ်ရေးထိုးဖို့ တောင်းဆိုမှုကို လိုက်နာခဲ့ပါတယ်။

ဂွန်ဇာလေ့ဇ် ရောက်မလာတဲ့အတွက် သမ္မတ မာဒူရိုက သူ့ပျက်ကွက်မှုကို ဝေဖန်ပြစ်တင် မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွေမှာ မဲတွေရဲ့ ၉၇  ရာခိုင်နှုန်းနီးပါးကို တွက်ချက်ထားပြီး မာဒူရို ဟာ ၅၂ ရာခိုင်နှုန်းအောက်သာ အနိုင်ရကြောင်း ထပ်မံအတည်ပြုခဲ့တယ်လို့ ဗင်နီဇွဲလား ရွေးကောက်ပွဲကောင်စီရဲ့ ဥက္ကဋ္ဌက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အတိုက်အခံတွေနဲ့ အစိုးရတွေ၊ ဒေသတွင်း အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ ရှိနေပေမဲ့ အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) က မဲစာရင်း အသေးစိတ်ကို ထုတ်ပြန်ခြင်းမ ရှိသေးပါဘူး။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024