ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အမှတ် ၅ ရပ်ကွက်နဲ့ မြို့တောင်ဘက် လက်ပန်းတန်းရပ်ကွက်ကို ဆက်သွယ်ထားတဲ့ အာယုရက္ခိတတံတားကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် အခက်အခဲများစွာရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၁၇ ရက်က အဲဒီတံတားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းခွဲဖျက်ဆီးမှာ စိုးရိမ်တဲ့အတွက်ကြောင့် တံတားထိပ်နှစ်ဖက်လုံးမှာ လုံခြုံရေးရယူကာ တံတားကို ပိတ်ထားလိုက်တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “လက်ရှိ ကျနော်တို့အနေနဲ့ ဝါးလုံးတွေနဲ့ ဝါးဖောင်တွေလုပ်ပြီး ကလေးတွေ ကျောင်းသွားကျောင်းပြန်အတွက် ဟိုဘက်ဒီဘက်ကို ကြိုးနဲ့ဆွဲပြီး ကူးနေရတယ်။ တံတားရှိနေရက်နဲ့ ဒီလိုလုပ်ကြရတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ စားဝတ်နေရေးအတွက် အလုပ်တွေ လစ်ဟင်းရပါတယ်။ ပြီးတော့ မိုးတွေအရမ်းများပြီး ရေတွေကလည်း ချောင်းပြည့်ချောင်းလျှံ ဖြစ်နကြတော့ ဒီဝါးဖောင်လေးနဲ့ ကလေးတွေကို ပို့နေ ကြိုနေရတာ စိတ်မချနိုင်ဖြစ်ပြီး နေ့စဥ်နဲ့အမျှ စိတ်သောကတွေ ဖြစ်နေကြရပါတယ်” လို့ DVB ကို ပြောပါတယ်။
နိုင်ငံတဝန်း မိုးများပြီး ရေကြီးရေလျှံတာတွေ ဖြစ်နေချိန် အခုလို တံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့အတွက်ကြောင့် အဲဒီတံတားကို အသုံးပြုနေရတဲ့ ကျောင်းသားလူငယ် ၂၀၀ ကျော်၊ ဈေးသည်နဲ့ ကျန်းမာရေးကြောင့် မြို့နယ်ဆေးရုံကြီးကို သွားလာနေရတဲ့ ပြည်သူတွေက ရေတက်နေတဲ့ ချောင်းအတွင်း ဝါးဖောင်များပြုလုပ်ကာ တဖက်ကမ်းမှ ကြိုးနဲ့ဆွဲပြီး သွားလာနေရတဲ့အတွက် အခက်အခဲများစွာ ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေချိန် စစ်ကောင်စီက စစ်ရှုံးနေတဲ့အတွက်ကြောင့် မြို့တွင်းဝင်ရောက်နိုင်တဲ့ လမ်းနဲ့ တံတားတွေကို ဖျက်ဆီးတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။