ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောထောင်ထဲက အကျဉ်းသားတွေ အခုရက်ပိုင်းတွေထဲမှာ ၀မ်းပျက်၊ ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြပြီး ထောင်ကလည်း ဆေးဝါးမပေးနိုင်လို့ အိမ်တွေကနေ ဆေးဝါးတွေမှာ သောက်နေရတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
အခုလို ဝမ်းလျှော ဝမ်းပျက်ရောဂါဖြစ်နေတာကြောင့် ထောင်က အစားအသောက်တွေကို စိစစ်ပြီးမှ ထောင်ထဲကို သွင်းခွင့်ပေးပြီး ထောင်ဝင်စာတွေကိုတွေ ကန့်သတ်လိုက်တယ်လို့ အကျဉ်းသားတဦးရဲ့ မိခင်က ပြောပါတယ်။
“အစားအသောက်တွေကို ကန့်သတ်လိုက်တယ်။ လိုချင်တာဆို လုံး၀ပေးမသွင်းတော့ဘူး။ သေဆုံးသူတော့ မရှိသေးဘူး။ ဝမ်းတွေလျှောကြတယ်။ တုပ်ကွေးတွေလည်းဖြစ်နေကြတယ်။ တော်တော်လေးဖြစ်နေကြတာ။ ဆရာ၀န်ကတော့အပြင်မှာ ဆေးခန်းထိုင်နေတယ်။ သူတို့စီးပွားရေးသူတို့လုပ်နေတာ။ ပိုက်ဆံပေးမှသူတို့က ဆေးထိုးပေးတာ။ ဆေးဝယ်ပို့လို့ တော့ရတယ်။ သူတို့က ဆေးကုပေးမယ်ဆိုရင် ပိုက်ဆံတောင်းလိမ့်မယ်။ ထောင်မှာက ဆေးမရှိဘူး။ ဝန်ထမ်းတွေနဲ့ပိုင်တဲ့ တခြားအမှုတွေ၊ မူးယစ်ဆေးဝါးအမှုတွေ သူတို့ကတော့ နေ့တိုင်းနီးပါး ထောင်၀င်စာပို့ကြတယ်။ သူတို့စားချင်တာစားလို့ရတယ်။ ပေးချင်တာလည်း ပေးလို့ရတယ်။ သူတို့အတွက်က အထူးအခွင့်အရေးပဲ၊ ဧည့်တွေဆိုလည်း သူတို့ကြိုက်သလို ဝင်တွေ့လို့ရတယ်။ နေ့တိုင်းသွားတွေ့လို့ရတယ်။ အဲ့လူတွေကြောင့်လည်း ပါမှာပါ။”
၀မ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားသူအများစုက ထောင်၀င်စာနဲ့ ပါဆယ်မလာနိုင်တဲ့သူတွေမှာ အဖြစ်များပြီး ထောင်ကကျွေးတဲ့ အစားအစာနဲ့ ပဲဟင်းကိုပဲ စားနေရတာကြောင့် ဖြစ်တာလို့ မကြာခင်က ထောင်မှလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက ပြောပါတယ်။
“အစားအသောက်တွေက အခုအခြောက်တွေပဲ သွင်းလို့ ရတော့တယ်။ အစို ဆိုမရတော့ဘူး။ ၀မ်းတွေသွားကြတယ်တဲ့။ တချို့ဝေးတဲ့သူတွေ၊ မိဘတွေက အဆင်မပြေသူတွေကျတော့ ပိုက်ဆံလည်း မပို့နိုင်ဘူး။ ပါဆယ်လည်း မပို့နိုင်ကြဘူး။ အဲ့လူတွေကျတော့ ထောင်ကကျွေးတဲ့ ထောင်ထမင်း ထောင်ဟင်းကိုပဲစားရတော့ အဆင်ပြေဘူး။ ပဲဟင်းတွေဘာတွေက ၀မ်းသွားကြတယ်တဲ့။ ပြီးတော့ အေးလည်း အေးတယ်၊ ခြင်လည်း အရမ်းကိုက်တယ်၊ ဂျပိုးလည်း ကိုက်တယ်။ အခုက အစားအသောက်ကြောင့်လို့တော့ပြောတယ်၊ ဆေးတော့ ပို့လို့ရပါတယ်။”
ကျိုက်စကောထောင်ထဲမှာ ဝမ်းပျက်၀မ်းလျှော ဘယ်လောက်ဖြစ်ပွားနေလဲဆိုတာကို DVB က ဖုန်းနဲ့ ထောင်ပိုင်ရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ဇူလိုင် ၃ ရက်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန် ထောင်မှာကျွေးတဲ့ သိုးနံ့ထွက်နေတဲ့ ကြက်သားနဲ့ ပဲဟင်းကို စားမိပြီး အကျဉ်းသား အနည်းဆုံး ၁၅၀ လောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင် ၂၇ ရက်ကလည်း သရက်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုညီညီ သွေးတိုးရောဂါကို အချိန်မီ ဆေးကုသခွင့်မရလို့ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်ကနေ သိရပါတယ်။
မင်းညို