Home
မြန်မာသတင်း
ဂန့်ဂေါရဲစခန်းတွင် အကျဉ်းသားများ ထောင်ဝင်စာတွေ့ခွင့်မရ၊ ယားနာရောဂါများ ဖြစ်နေ
DVB
·
July 25, 2024

ဂန့်ဂေါမြို့နယ်ရဲစခန်းမှာပဲထားတဲ့ ထောင်ဒဏ်ကျပြီးသား အကျဉ်းသားတွေဟာ ထောင်ဝင်စာတွေ့ခွင့် မရကြသလို ရေကိုလည်း နေ့စဉ်ဝယ်ချိုးနေကြရတယ်လို့ အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး တရားရုံးက ထောင်ဒဏ်ချလိုက်တဲ့သူတွေကို သက်ဆိုင်ရာ ထောင်တွေဆီ ချက်ချင်းပို့ရပေမဲ့ ဂန့်ဂေါမြို့နယ်နဲ့ ဒေသတွင်းကနေ ဖမ်းပြီး ထောင်ချထားတဲ့သူတွေကိုတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ရဲစခန်းအချုပ်ထဲမှာပဲ ထားပြီး ထောင်တွေကို မပို့တော့တာလို့ ဆိုပါတယ်။

အကျဥ်းသားမိသားစုဝင်တဦးက “အရင်က စခန်းမှူးကို ၈ သောင်းကနေ ၁ သိန်းလောက် ပေးလိုက်ရင် တွေ့လို့ရသေးတယ်။ အခုက လုံခြုံရေးအကြောင်းပြပြီး ပေးမတွေ့တော့ဘူး။ ထောင်တွေမှာမှ တန်းဖွင့်ချိန်လေးဘာလေး အပြင်ဘက်လေးဘာလေး သွားလို့ရသေးတယ်။ အခု သူတို့က ဒီအချုပ်ခန်း ကျဉ်းကျဉ်းလေးထဲမှာပဲ ဘယ်မှထွက်လို့မရဘူး။ လူနဲ့ အခန်းနဲ့က မမျှတော့ တယောက်နဲ့တယောက် ထပ်အိပ်နေရတော့ အခု ယားနာတွေ ဖြစ်နေကြတယ်။ အကုန်လုံးနီးပါး ကူးနေကြတာ။ တချို့တွေ ပွေးတွေပါ ဖြစ်နေတာ၊ ဘာမှလုပ်မပေးဘူး။ တရားရုံးထွက်တာနဲ့ ယားနာဆေးတွေ ဝယ်ထည့်ပေးနေရတယ်။ ‌ပါဆယ်တော့ ပို့လို့ရတယ်။ အဲဒါကလည်း မြို့ထဲကလူတွေပဲ ပို့လို့ရတာ။ မြို့အဝင်အထွက်ဂိတ်တွေက စစ်နေတော့ ဘာပစ္စည်းမှ သယ်လာလို့မရဘူး။ နယ်ကထောင်ကျတဲ့သူတွေကတော့ ရဲစခန်းက ကျွေးတာပဲ စားပေါ့။ ဟင်းကတော့ တပတ်ကို ၁ ရက် ၂ ရက်ပဲ စားရတာ” လို့ ပြောပါတယ်။

ဒါ့အပြင် နေ့စဥ် ရေချိုးဖို့အတွက် ရေဖိုး ၈ သောင်း စု‌ပေးရပြီး မတတ်နိုင်တဲ့သူတွေကတော့ ရေမချိုးရတာကြောင့် ကျန်းမာရေးထိခိုက်နေတယ်လို့ အချုပ်ကလွတ်လာသူတယောက်က ပြောပါတယ်။

“ရေချိုးဖို့က တနေ့ ဘောက်ဆာ ၂ စီး ဝယ်ရတယ်။ တစီးကို ၄၀,၀၀၀ နဲ့ ၈၀,၀၀၀ ဖိုး၊ အဲဒါ ဝိုင်းစုထည့်ရတယ်။ အနည်းဆုံး တယောက်ကို ၁,၀၀၀ လောက် ထည့်နေရတာ။ တချို့တွေ ၃ နှစ်လောက်ရှိပြီ နေ့တိုင်း ရေဖိုးထည့်နေရတာ။ မထည့်နိုင်တဲ့သူက ရေမချိုးရဘူး။ အခု ရေမချိုးရလို့ထင်တယ်၊ ကျွတ်တွေ၊ ယားနာတွေ ပေါက်ပြီး တယောက်ပြီးတယောက် ကူးနေကြတာ။ ရေမချိုးရတာရယ်၊ လေဝင်လေထွက် မကောင်းတာရယ်နဲ့ ရောဂါတွေလည်း ထူနေကြတယ်။ နောက် တရားရုံးထုတ်တွေမှာလည်း အချုပ်သားတွေကို တရားရုံးအချုပ်ထဲ မထားဘဲ အချုပ်ကားကြီးထဲမှာ အချိန်အကြာကြီး နေပူထဲမှာထားတာ။ ရှေ့နေတွေ၊ မိသားစုတွေ လာတွေ့မှာစိုးလို့ ထင်ပါတယ်။ ဒီအတိုင်းပဲ နေပူကြီးထဲမှာဆိုတော့ အဲဒီ အချုပ်ကားက သံဘော်ဒီကြီးနဲ့ဆိုတော့ လူတွေကို ပေါင်းချောင်ထဲ ထည့်ထားသလိုကြီး တမင်လုပ်ထားတာ။”

အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဂန့်ဂေါမြို့မရဲစခန်း စခန်းမှူးကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

လက်ရှိမှာတော့ ဂန့်ဂေါမြို့မရဲစခန်းအချုပ်မှာ တသက်တကျွန်းချထားသူ ၄ ယောက်၊ သေဒဏ်ချထားသူ ၂ ယောက် အပါအဝင် ထောင်ကျအကျဥ်းသား စုစုပေါင်း ၈၀ ကျော်ရှိတဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် ပါတယ်လို့ သိရပါတယ်။

တချို့ အမှုရင်မဆိုင်ရဘဲ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းမိထားတဲ့ လူတွေလည်း ရှိပြီး သူတို့ကို အရပ်ဘက်တရားရုံးမှာ အမှုစစ်လို့မရတာကြောင့် ဒီတိုင်းပဲ အချုပ်ခန်းထဲမှာ ၃ နှစ်လောက် နေနေကြရတယ်လို့ အမည်မဖော်လိုသူ ရဲဝန်ထမ်းတယောက်ဆီက သိရပါတယ်။

အာဏာမသိမ်းခင်ကတော့ ဂန့်ဂေါရဲစခန်းကနေ တရားရုံးထုတ်ပြီး ထောင်ချခံရတဲ့သူတွေကို အမိန့်ချပြီးတာနဲ့ ကလေးထောင်ကို တန်းပို့ပေမဲ့ အခုက လမ်းခရီးအခြေအနေနဲ့ လုံခြုံရေး မပေးနိုင်တာ၊ လမ်းစရိတ် မပေးနိုင်တာကြောင့် အချုပ်ထဲမှာပဲ လွတ်တဲ့အထိ ထားနေရတာလို့ သိရပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013