ပြင်သစ်နိုင်ငံရှိ နယ်မြေတချို့မှာ လမ်းသရဲတွေက တယ်လီကွန်းဆက်သွယ်ရေးလိုင်းတွေကို ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီး ပုံသေဆက်သွယ်ရေးလိုင်းတွေနဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုတချို့ကို အနှောင့်အယှက်ပေးခဲ့ကြတယ်လို့ ဒစ်ဂျစ်တယ်ရေးရာ အငယ်တန်း၀န်ကြီး မာရီနာဖာရာရီက ပြောပါတယ်။
ဒီဖျက်လိုဖျက်ဆီးလုပ်မှုဟာ သူရဲဘောကြောင်ပြီး တာဝန်မဲ့မှု ဖြစ်ပြီးတော့ ဝန်ဆောင်မှုတွေ ပြန်လည်ရရှိဖို့ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်းပြောဆိုပါတယ်။
လမ်းသရဲတွေဟာ တနင်္လာနေ့အစောပိုင်းက ပြင်သစ်နိုင်ငံရဲ့ ဒေသ ၅ ခုရှိ သူ့ရဲ့ နယ်ဝေးကွန်ရက်ကို ဖြတ်တောက်ခဲ့တယ်လို့လည်း တယ်လီကွန်းအော်ပရေတာ SFR ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါပေမဲ့ဒီကွန်ရက်ဟာ အသွားအပြန်ပုံစံ ဒီဇိုင်းထုတ်ထားတာကြောင့် သုံးစွဲသူတွေအပေါ် သက်ရောက်မှု အနည်းငယ်သာရှိကြောင်းလည်း သူက ဆိုပါတယ်။
ဒါဟာ ဇူလိုင် ၂၆ ရက်က ပါရီအိုလံပစ် ဖွင့်ပွဲအခမ်းအနားမတိုင်ခင်မှာ နာရီပေါင်းများစွာ ခရီးသွားလာမှု ပရမ်းပတာဖြစ်စေခဲ့တဲ့ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ပေါ်မှာ အဖျက်အဆီးလုပ်မှုနဲ့ ချိတ်ဆက်မှုတစ်စုံတရာရှိမရှိကိုပြောဖို့က စောလွန်းနေသေးတယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ လျှပ်စစ်ပုံးတွေထဲက ကေဘယ်ကြိုးတွေ ဖြတ်တောက်ခံခဲ့ရကြောင်း လွတ်ပါးရီစယွန်း သတင်းစာက အစောပိုင်းမှာ ရေးသားခဲ့ပါတယ်။
လူဆမ်ဘာ့ဂ်အနီးရှိ မုစ်ဒေသနဲ့ ပါရီအနီးရှိ အွာ့စ်ဒေသတို့မှာလည်း တပ်ဆင်ထားမှုတွေကို ဖျက်ဆီးခဲ့တာကြောင့် အဓိကအားဖြင့် ပုံသေလိုင်း ဝန်ဆောင်မှုတွေကို ထိခိုက်ခဲ့ရပါတယ်။
ရထားဝန်ဆောင်မှုတွေဟာ တနင်္လာနေ့ မနက်မှသာ ပုံမှန်ပြန်ဖြစ်ခဲ့တယ်လို့ ပို့ဆောင်ရေးဝန်ကြီး ပက်ထရစ်စ် ဗဲဂရီးယက်ထ်က ပြောကြားခဲ့ပါတယ်။
Source-Reuters