ဟွန်ဒါမော်တာနဲ့ နစ်ဆန်းမော်တာတို့ရဲ့ မဟာမိတ်မှာ ဂျပန် မစ်ဆူဘီရှီမော်တာလည်း ပူးပေါင်းပါဝင်မှာဖြစ်ပြီး သုံးဖွဲ့ပေါင်းရောင်းအား အစီးရေ ၈ သန်းကျော်ရှိတဲ့ ကုမ္ပဏီအင်အားစုကြီး ဖြစ်လာမှာဖြစ်တယ်လို့ Nikkei သတင်းစာက ဖော်ပြပါတယ်။
မစ်ဆူဘီရှီမော်တာရဲ့ ၃၄ ရာခိုင်နှုန်းကို နစ်ဆန်းက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ပူးပေါင်းမှု အသေးစိတ်ကို ဆက်လက်ညှိနှိုင်းရဦးမှာဖြစ်ပြီး အဓိကအားဖြင့်တော့ ကားတွေကို ထိန်းချုပ်တဲ့ ဆော့ဖ်ဝဲကို တပြေးညီစံစနစ်ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဂျပန်ရဲ့ တတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်တဲ့ နစ်ဆန်းဟာ ကမ္ဘာ့ကားစျေးကွက်ရဲ့ ထက်ဝက်ရှိတဲ့ အမေရိကန်နဲ့ တရုတ်မှာ စျေးကွက်ဝေစု တဖြည်းဖြည်း လျော့ကျလာနေပါတယ်။
အမေရိကန်မှာ ရောင်းအားကျတဲ့အတွက် ပထမသုံးလပတ်အမြတ်တွေ အကုန်ကုန်တဲ့အထိ ကားတွေကို အကြီးအကျယ် စျေးချပြီး ရောင်းချခဲ့ရပါတယ်။
နစ်ဆန်းနဲ့ ဟွန်ဒါဟာ လျှပ်စစ်ကားအစိတ်အပိုင်းတွေ ထုတ်ဖို့နဲ့ ကားဆော့ဖ်ဝဲမှာ အသိဉာဏ်တုနည်းပညာ သုံးစွဲဖို့ မဟာဗျူဟာမြောက် ပူးပေါင်းမယ်လို့ မတ်လကတည်းက ကြေညာထားခဲ့တာပါ။
မစ်ဆူဘီရှီမော်တာကလည်း နစ်ဆန်းနဲ့ ပြင်သစ်က ရေးနိုး ကားကုမ္ပဏီတွေနဲ့ အရင်ကတည်းက ပူးပေါင်းခဲ့တာပါ။
ဒါပေမဲ့ မနှစ်က မိတ်ဖက်ပုံစံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ သဘောတူခဲ့ပါတယ်။ အခုလို ဂျပန်သုံးဖွဲ့ပေါင်းတာဟာ ကုန်ကျစရိတ် လျှော့ချနိုင်ရေး တခုတည်းသာမကဘဲ တရုတ် BYD နဲ့ အမေရိကန် Tesla တို့ လွှမ်းမိုးထားတဲ့ EV လျှပ်စစ်ကားစျေးကွက်ကို ရင်ဆိုင်ဖို့ပါ ရည်ရွယ်တာ ဖြစ်ပါတယ်။
အရင်က ဂျပန်ကားတွေ လွှမ်းမိုးခဲ့တဲ့ တရုတ်ကားစျေးကွက်မှာ အခုအခါ ပြည်တွင်းကုမ္ပဏီတွေက စျေးပိုနည်းပြီး နည်းပညာပိုမြင့်တဲ့ကားတွေနဲ့ ပြန်လွှမ်းမိုးလာခဲ့ပါတယ်။
Source-Reuters