စက်ရုပ်မျက်နှာမှာ ပြုံးပြနိုင်တဲ့ သက်ရှိအရေပြားတစ်သျှူးတွေ တပ်ဆင်နိုင်မယ့်နည်းလမ်း တွေ့ပြီလို့ ဂျပန်သိပ္ပံပညာရှင်တွေက ကြေညာပါတယ်။
အလှကုန်နဲ့ ဆေးပညာနယ်ပယ်မှာပါ အသုံးချနိုင်ဖို့ အလားအလာတွေ အများကြီး ရှိတယ်လို့လည်း ဆိုပါတယ်။
တိုကျိုတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ မျက်နှာပုံစံခွက်မှာ လူသားအရေပြားဆဲလ်တွေ ကြီးထွားစေပြီး ပြုံးလိုက်တဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးတာ ဖြစ်ပါတယ်။
ဒီအရေပြားပုံကြီးက ဒီအတိုင်းကြည့်ရတာ ကြောက်စရာကောင်းနေပေမဲ့ လူသားနဲ့ပိုတူတဲ့ စက်ရုပ်တွေ ထုတ်လုပ်ရေးမှာ အရေးပါတဲ့အဆင့် ဖြစ်တယ်လို့ ဦးဆောင်သုတေသနပညာရှင် ရှိုဂျိ တာကဲအုချိက ပြောပါတယ်။
ဒီသုတေသနဟာ တာကဲအုချိ ဦးဆောင်တဲ့ ပညာရှင်တွေ ဆယ်စုနှစ်တခုကြာ လေ့လာခဲ့မှုရဲ့ အသီးအပွင့်ဖြစ်ပြီး အသက်ဇီဝနဲ့ စက်တွေကို အကောင်းဆုံး ဘယ်လိုပေါင်းစပ်မလဲ ဆိုတာကို အဓိကထား လေ့လာခဲ့ကြတာဖြစ်ပါတယ်။
သက်ရှိ တစ်သျှူးမျှင်တွေဟာ သတ္တုနဲ့ ပလတ်စတစ်တွေထက် အားသာချက် အများကြီး ရှိတယ်လို့ တာကဲအုချိက ဆိုပါတယ်။
ဦးနှောက်စွမ်းအင်ကို ထိထိရောက်ရောက်သုံးနိုင်တာ ကြွက်သားတွေကနေ အရေပြားအထိ သူ့ဘာသူ ပြန်ပြင်နိုင်စွမ်းရှိတာလိုမျိုး အားသာချက်တွေ ရှိနေပါတယ်။
နောက်ပိုင်းမှာ သွေးလည်ပတ်မှုစနစ်နဲ့ အာရုံကြောလိုဟာမျိုးတွေပါ ဓာတ်ခွဲခန်းတွင်း ဖန်တီးတဲ့ အရေပြားမှာ ထပ်ထည့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဒီလိုဆိုရင် အရေပြားပေါ်တင်ရတဲ့ အလှကုန်တွေနဲ့ ဆေးဝါးတွေအတွက်ပါ ဘေးကင်းကင်း စမ်းသပ်နိုင်မယ်လို့ ဆိုပါတယ်။
စက်ရုပ်တွေအတွက် ပိုပြီး လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့အခွံမျိုး ထုတ်ပေးနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။
လက်ရှိမှာက စက်ရုပ်ဆိုရင် အသက်မပါသလို ဖြစ်နေတာကြောင့် လူတွေက ထိတွေ့ ဆက်ဆံရတာ ထူးဆန်နေတာ၊ မသက်မသာရှိနေတာဆိုတဲ့ ခံစားချက်မျိုးကို အခုနည်းပညာနဲ့ ဖြေဖျောက်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
Source-Reuters