ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇူလိုင် ၂၈ ရက် မနက် ၁၂ နာရီက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတဦးခြင်း အုပ်စုအဖွင့်ပွဲမှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ဂျပန်ကိုယ်စားပြု ကြက်တောင်မယ် ယာမဂုချိ အကနဲကို ၂ ပွဲပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၄၃ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၆ ရှိတဲ့ ဂျပန်ကြက်တောင်မယ်ကို ၁၂-၂၁၊ ၁၀-၂၁ တို့နဲ့ ပြတ်ပြတ်သား ရှုံးနိမ့်ခဲ့ပါတယ်။
သက်ထားသူဇာဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကနေဒါကြက်တောင်မယ် မီရှဲလီနဲ့ ဇူလိုင် ၃၁ ရက်နေ့ မနက် ၁၂ နာရီ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
၂၀၂၄ ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတဦးခြင်းအုပ်စု ဂ မှာ ဂျပန်၊ ကနေဒါနဲ့ မြန်မာတို့ ကျရောက်နေပြီး တသင်းသာ နောက်တဆင့် တက်ရောက်မှာ ဖြစ်ပါတယ်။
သက်ထားသူဇာ အနေနဲ့ နောက်တဆင့်တက်ရိုက်နိုင်ဖို့အတွက် နောက်ဆုံးပွဲမှာ ကနေဒါကြက်တောင်မယ်ကို အမှတ်ပြတ်နဲ့ ၂ ပွဲပြတ် အနိုင်ရရှိဖို့ လိုအပ်နေပြီး တဖက်မှာ တွေ့ဆုံမယ့် ဂျပန်ကြက်တောင်မယ်နဲ့ ကနေဒါကြက်တောင်မယ်တို့ပွဲမှာလည်း ကနေဒါ ကြက်တောင်မယ်က ၂ ပွဲပြတ်အနိုင်ရရှိဖို့ လိုအပ်ပါတယ်။
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကြက်တောင်မယ် သက်ထားသူဇာနဲ့ ရေကူးအားကစားသမား ဖြစ်တဲ့ ဘုန်းပြည့်ဟန်တို့နှစ်ဦးသာ ဝင်ရောက်ယှဉ်ပါတယ်။