ပါရီအိုလံပစ်ဖွင့်ပွဲ အခမ်းအနားမှာ ပွဲအစီအစဉ် ကြေညာသူက တောင်ကိုရီးယား အားကစားအဖွဲ့ကို ပြိုင်ဘက်မြောက်ကိုရီးယားအဖွဲ့အဖြစ် မှားယွင်းမိတ်ဆက် ကြေညာခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း တောင်ကိုရီယားက ဇူလိုင် ၂၇ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ထပ် အမှားအယွင်း မဖြစ်စေဖို့ ပွဲစီစဉ်သူတွေဆီက အာမခံချက် တောင်းခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက် သောကြာနေ့က တောင်ကိုရီးယား အားကစားသမားတွေကို တင်ဆောင်လာတဲ့ လှေဟာ စိန်းမြစ်ပေါ်ကိုဖြတ်သန်းမောင်းနှင်ခဲ့ချိန်မှာ အစီအစဉ်ကြေညာသူက မြောက်ကိုရီးယားရဲ့ တရားဝင်အမည်ဖြစ်တဲ့ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုပြီး ပြင်သစ်နဲ့ အင်္ဂလိပ် ဘာသာစကားတွေနဲ့ မိတ်ဆက်ခဲ့တာပါ။
အစီအစဉ်ကြေညာသူဟာ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ဖြတ်သွားချိန်မှာလည်း ဒီမိတ်ဆက်စကားကိုပဲ ဖတ်ကြားသွားခဲ့ပါတယ်။
တောင်ကိုရီးယား အမျိုးသားအိုလံပစ်ကော်မတီဟာ ဒီဖြစ်ရပ်ကို အားကစားပွဲစီစဉ်သူတွေဆီ ချက်ချင်း လွှဲပြောင်းပေးခဲ့ပြီး အမှားအယွင်း ထပ်မဖြစ်စေဖို့ တောင်းဆိုခဲ့ပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ဒီဖြစ်ရပ်ဟာ အမှားအယွင်း ဖြစ်ပြီး လေးလေးနက်နက် တောင်းပန်ပါတယ်လို့ X ပေါ်မှာ သုံးစွဲတဲ့ ကိုရီးယားဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။
ပါရီမှာရောက်ရှိနေတဲ့ တောင်ကိုရီးယား အားကစားနဲ့ယဉ်ကျေးမှု ဒုဝန်ကြီး ဂျန်မီရန်က နိုင်ငံတကာ အိုလံပစ် ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘာ့ခ်ျနဲ့ တွေ့ဆုံဖို့ တောင်းဆိုထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ပါရီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ကိုရီးယားသမ္မတနိုင်ငံကို အားကစားသမားတွေ ဝင်ရောက်လာချိန်မှာ နိုင်ငံကို မြောက်ကိုရီးယားအဖြစ် မိတ်ဆက်ခဲ့တာကို စိတ်မကောင်းဖြစ်မိပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ပွဲစဉ် ၂၁ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားသမား ၁၄၃ ဦး ပါဝင်ပြီး မြောက်ကိုရီးယားကတော့ အားကစားသမား ၁၆ ဦးကို စေလွှတ်ထားသလို ရီယို ၂၀၁၆ ခုနှစ် နောက်ပိုင်း အားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
Source-Reuters