စပိန်ရဲတပ်ဖွဲ့ဟာ မြို့တော်ဘာစီလိုနာမှာ ဆန်အိတ်တွေထဲမှာ ဝှက်ထားတဲ့ ကိုကင်း မက်ထရစ်တန် ၄ တန်ကို သိမ်းဆည်းရမိခဲ့ပြီး စပိန်၊ ပါရာဂွေးနဲ့ ယူကေတို့မှာ လည်ပတ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း စပိန်ရဲတပ်ဖွဲ့က ဇူလိုင် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပါရာဂွေးနိုင်ငံရဲ့ မြို့တော် အဆွန်းစီးယွန်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေဟာ မူးယစ်ဆေးတွေကို အမှုန့်ကြိတ်ပြီးနောက် ပလတ်စတစ်အိတ်တွေထဲ ထည့်ကာ ဥရောပကို မပို့ဆောင်ခင် လက်နဲ့ချုပ်ထားတဲ့ ဆန်အိတ်တွေထဲမှာ ဝှက်ထားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကွန်တိန်နာတွေဟာ ဘာစီလိုနာဆိပ်ကမ်းကို အခုနှစ်အစောပိုင်းမှာ ရောက်ရှိလာခဲ့ပေမဲ့ မှောင်ခိုသမားတွေက ကွန်တိန်နာတွေကို ရွှေ့ပြောင်းခဲ့တဲ့အခါမှ စပိန်အလယ်ပိုင်း တိုလီဒိုမြို့မှာမှ ကိုကင်းတွေကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ပါရာဂွေး အာဏာပိုင်တွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဘယ်လ်ဂျီယံကိုတင်ပို့မယ့် ကိုကင်း ၃ တန်ကို သိမ်းဆည်းရမိခဲ့ပြီး စုံစမ်းစစ်ဆေးခံနေရဆဲ တိုလီဒို-အခြေစိုက် စပိန်ကုမ္ပဏီအတွက်နဲ့ အချိတ်အဆက်ရှိတဲ့ ဆောက်သမ်တန်မှာ ကိုကင်း ၂ တန်ကို ဗြိတိန်ရဲတပ်ဖွဲ့က မတ်လမှာ သိမ်းဆည်းရမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က စပိန်မှာ လူ ၈ ဦးကို ဖမ်းဆီးခဲ့ပြီး ပါရာဂွေးမှာ လူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source-Reuters