Home
မြန်မာသတင်း
စဉ့်ကူးမြို့နယ်က ပျူစောထီးစခန်းကို သိမ်းပိုက်၊ ရေစကြိုက ပျူစခန်းကို လက်နက်ကြီးဖြင့်ပစ်
DVB
·
July 27, 2024

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စခန်းချတပ်စွဲနေတဲ့ ပျူစောထီးစခန်းကို ဇူလိုင် ၂၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ပျူစောထီးစခန်း ၂ ခုကိုလည်း ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဇူလိုင် ၂၅ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ စဉ့်ကူးမြို့နယ်၊ ရွာသာရွာက ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြပြီး စခန်းသိမ်းတိုက်ပွဲအတွင်း PDF ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ Phoenix Wings ဒရုန်းတပ်ဖွဲ့ဆီကနေ သိရပါတယ်။

Phoenix Wings ဒရုန်းတပ်ဖွဲ့ရဲ့ ​စစ်ဆင်ရေးတာဝန်ရှိသူတယောက်က “ဒီစခန်းသိမ်းတိုက်ပွဲကို PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ကြတာပါ။ ကျနော်တို့ ဒရုန်းတပ်ဖွဲ့အနေနဲ့က သူတို့တွေ တပ်စွဲထားတဲ့စခန်းက ဘန်ကာတွေပေါ်ကို ၆၀ မမ ဗုံး အလုံး ၂၀ ကို အလေ့အလွင့်မရှိအောင် တိတိကျကျ ကြဲချနိုင်ခဲ့​ပါတယ်။ မဟာမိတ်တပ်ဖွဲ့ထဲက ဒရုန်း ၁ စင်းကတော့ Error တက်ပြီး ပြုတ်ကျသွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စခန်းချတပ်စွဲနေတဲ့ ရွာသာကျေးရွာပျူစောထီးစခန်းကို ဇူလိုင် ၂၅ ရက်နေ့၊ မနက် ၄ နာရီဝန်းကျင်ကနေစတင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီခွဲဝန်းကျင်မှာ စခန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Phoenix Wings ဒရုန်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စခန်းကိုသိမ်းတိုက်ပွဲကနေ လက်နက်တွေလည်း ရခဲ့ပါတယ်။ စခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အခု စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး တခြားအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်နေကြလို့ မကြာခင် ကျနော်တို့တပ်ပေါင်းစုရဲ့ တာဝန်ရှိတဲ့အဖွဲ့တွေကနေ သတင်းအတိအကျထုတ်ပြန်ပေးပါလိမ့်မယ်ဗ‌ေ" လို့ ပြောပါတယ်။

ရွာသာကျေးရွာပျူစောထီးစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို လက်နက်ချဖို့ အကြိမ်ကြိမ်ပြောကြားခဲ့ပေမယ့် လက်နက်မချခဲ့တာကြောင့် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအများအပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်လည်း ကျဆုံးခဲ့​ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး က စဉ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ပျူစောထီးစခန်း၂ ခုကို ဇူလိုင် ၂၅ ရက်နေ့က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force–UG ဆီကနေ သိရပါတယ်။

Young Force–UG ရဲ့ တာဝန်ခံတယောက်က “ပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲနေတဲ့ ဆင်ချောင်းရွာနဲ့ ဂွေးချိုရွာတွေက ပျူစခန်းတွေကို ရော့ကတ်လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ပျူစောထီးစခန်းမှာ သေဆုံး ဒဏ်ရာရတဲ့အခြေအနေကိုတော့ မသိရသေးဘဲ အဲဒီဘက်က လက်နက်ကြီး ၂ လုံးနဲ့ ပြန်ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကို Young Force–UG နဲ့အတူ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂၊ Cobra One (Pakokku)၊ Taty (Pakokku)၊ Thurain-TR တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013