Home
မြန်မာသတင်း
စဉ့်ကူး ရွာသာယာပျူစခန်းကို PDF သိမ်းပိုက်၊ ဆိပ်ဖြူ ကပစ ၂၂ တိုက်ခိုက်ခံရ
DVB
·
July 25, 2024
Photo Crd-OAK AWE UG
ဖမ်းဆီးရမိသည့် ရွာသာယာကပျူများ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာပျူရွာကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက် စခန်းသိမ်းခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲကို ဇူလိုင် ၂၅ ရက် မနက်အစောပိုင်း ၄ နာရီက စတင်ကာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

“ကျနော်တို့ ပျူရွာကို စပြီးတိုက်တာက မနက်ခင်း ၄ နာရီကစပြီး တိုက်တာဗျ။ စခန်းသိမ်းနိုင်တာက မနက်ခင်း ၇ နာရီကျော် ၈ နာရီနီးပါးက အပြည့်အဝ သိမ်းနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ရော၊ ပျူတွေရော အများအပြား သေဆုံးတယ်။ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်။ ထွက်ပြေးသူတွေလည်း ရှိတယ်။”

သတင်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ သက်ဆိုင်ရာကနေ အသေးစိတ် ထုတ်ပြန်ပါလိမ့်မယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲကို မိုးကုတ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေ၊ ဝက်လက်တပ်ရင်းတပ်ဖွဲ့တွေ၊ ဝက်လက်မြို့နယ်အတွင်း Local အဖွဲ့တွေ၊ စဉ့်ကူးပကဖ တပ်ရင်းတပ်ဖွဲ့တွေနဲ့ Local အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေသခံ ပြည်သူတဦးက‌ “အဲဒီရွာက ပျူတွေက ဧရာဝတီမြစ်ဘေးက ရွာတွေကို အနိုင်ကျင့် ဗိုလ်ကျပြီး ပစ္စည်းလုတာတွေ အမြဲတမ်းလုပ်တယ်ဗျ။ အခုလို ကိုယ့်ဘက်က တိုက်လိုက်တော့ ကောင်းသွားတယ်။ ဒါမို့ဆိုရင် သူတို့ကြောက်နေရတာ။ သူတို့က ရွာတွေလည်း မီးရှို့တာတွေ လုပ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းလာပြီး ကျနော်တို့ဘက်ကို ပျူတွေ အရှင်ဖမ်းမိတာတွေ ခေါ်လာတာတော့ မြင်တယ်။ မိန်းကလေး ၃၀ နဲ့ ယောကျ်ားလေး ၁၅ ဦးနဲ့ စစ်သားတဦးတော့ မြင်တယ်” လို့ ပြောပါတယ်။

ရွာသာယာပျူစခန်း သိမ်းတာနဲ့ ပတ်သက်လို့ စဉ့်ကူးပကဖ တာဝန်ရှိသူထံကို DVB အနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းတာတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ကပစ ၂၂ ကို ဇူလိုင် ၂၃ ရက် ည ၇ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ OAK AWE UG စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံတဦးက “ကပစ ၂၂ ကို ၆၀ နဲ့ ၈၀ မမ လက်နက်ကြီးတွေနဲ့ ၁၅ လုံးနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ပျက်စီး သေဆုံးတာတွေ ရှိတယ်လို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။ အတိအကျကတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို OAK AWE UG စလေမြို့ပြပြောက်ကျားတပ်ဖွဲ့၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ပေါက် ပကဖနဲ့ သခင်ဖိုးလှကြီးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့​ကြတာလို့ ဆိုပါတယ်။

“သူတို့တပ်ထဲက လက်နက်ကြီးတွေ ဆင်ထားတဲ့နေရာနဲ့ ဝန်ထမ်းလိုင်းခန်းတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့တာပါ။ ထိခိုက်သေဆုံးတာများလို့ အပြင်ကို သတင်းမပေါက်ကြားစေဖို့ အထူးကြပ်မတ် လုပ်ဆောင်နေတယ်လို့ သိရတယ်ဗျ” လို့ စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံတဦးက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ကပစ ၂၂ ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်မှုခံနေရတဲ့အတွက် ထိခိုက်ပျက်စီး သေဆုံးမှုတွေ ရှိနေတာကြောင့် အဆိုပါစက်ရုံထဲက ဝန်ထမ်းအများစုဟာ အလုပ်ထွက်လိုသူတွေ များပြားနေတယ်လို့ ကပစ ၂၂ နဲ့ နီးစပ်တဲ့ မိသားစုအသိုက်အဝန်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024