Home
မြန်မာသတင်း
ကန့်ဘလူ စစ်တပ်စခန်းကို PDF သိမ်းဆည်း၊ မုံရွာနှင့်ရေးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
July 25, 2024
Photo Crd- People's Defence Force-South Monywa
Photo Crd- People's Defence Force-South Monywa
Photo Crd- People's Defence Force-South Monywa

စစိကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းမှာရှိတဲ့ ကျီကုန်းတံတားမှာ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုတပ်က ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က စတင် စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေထံက သိရပါတယ်။

ကျီကုန်းတံတားဟာ ကန့်ဘလူမြို့နယ် ကာဘိုးနဲ့ ညောင်ပင်ဆိပ်ကြားမှာ တည်ရှိတယ်လို့လည်း သိရပါတယ်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ ကျီကုန်းတံတား အထိုင်ထားတဲ့ စစ်(-)စခန်းကို သွားရောက် စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားတယ်ဆိုတာ ဟုတ်ပါတယ်ဗျ။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီစခန်းကို အပြည့်အဝ သိမ်းနိုင်ခဲ့တယ်ဗျ။ တိုက်ပွဲအတွင်း စစ်(-) ၁၆ ကောင် အသေရခဲ့သလို သေနတ် ၁၆ လက် ရရှိခဲ့တယ်ဗျ။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဘက်က ကာဘိုင် ၁၀ လက်၊ ပြောင်းချော ၁ လက်၊ G3 ၄ လက်၊ MA4 ၁ လက်နဲ့ ခဲယမ်းတချို့ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသားတဦးက “တိုက်ပွဲဖြစ်ပွားတာတော့ ဟုတ်တယ်ဗျ။ အဲလို တိုက်ပွဲဖြစ်တိုင်း ပြည်သူတွေက အထိတ်တလန့် လန့်နေရတယ်။ ဒီနေ့တော့ စစ်ကောင်စီဘက်က ဘာလှုပ်ရှားမှုမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတွေ့ရသေးဘူး။ မနက်ဖြန်ကို တချက် စောင့်ကြည့်ရမယ်။ အခြေအနေမကောင်းရင်တော့ ရွာကို စွန့်ပြေးရမှာပဲ” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို မြောက်ပိုင်းမဟာမိတ် ဓူဝံအဖွဲ့၊ ရေဦးပကဖနဲ့ ကန့်ဘလူခရိုင်ပကဖ၊ ဗိုလ်ပိုင်ချဲနဲ့ JH (KU) ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်အနီးမှာလည်း ဇူလိုင် ၂၃ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်သား ၂ ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွား​တယ်လို့ People's Defence Force (South Monywa) ကနေ သိရပါတယ်။

People's Defence Force (South Monywa) ရဲ့ တာဝန်ခံတဦးက “မုံရွေးတိုးဂိတ်နားမှာ ညအိပ်တပ်စွဲနေတဲ့ စစ်သားတွေထဲက ၂ ကောင်က ကျနော်တို့ထောင်ထားတဲ့ မိုင်းပွိုင့်ပေါ်ကို တည့်တည့်ကြီး ကင်းပုန်းလာဝပ်တဲ့အချိန် ပဒေသာမိုင်း ၂ လုံးဆွဲလိုက်တာ ၂ ကောင်လုံး လေပေါ်မြောက်တက် ပြုတ်ကျပြီး တန်းလစ်သွားတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မုံရွာ မြပုလဲဆီဆိုင်ဂိတ်ကနေ မုံရွေးတိုးဂိတ်နားမှာ လာရောက်တပ်စွဲကာ ခရီးသွားကားတွေ၊ ပြည်သူတွေဆီကနေ မကြာခဏဆိုသလို ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“မြောက်တက်ပြီး ပြုတ်ကျသေတဲ့ စစ်သား ၂ လောင်းကို အဲဒီနားက မုံရွေးတိုးဂိတ် ဝန်ထမ်းအိမ်ရာထဲ သယ်သွားတာ တွေ့ခဲ့ရတယ်ဗျ။ ကျနော်တို့ရဲဘော်တွေကတော့ အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်လာနိုင်ခဲ့ကြတယ်” လို့ မိုင်းဆွဲတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ People's Defence Force (South Monywa) ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း (People's Defence Force-South Monywa)၊ Youth Vigor Revolution Force နဲ့ Black Hunter People's Task Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာသစ် ရွာဦးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကနေ သိရပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာပြီး မော့ကနင်ရွာသစ် (ကုန်းပေါ်ရွာသစ်) ရွာဦးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် မျက်မြင် စစ်ကောင်စီတပ်သားတဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

“ ကနော်တို့ RPG နဲ့ စပစ်တာ၊ RPG  ရန်သူ့ရင်ဘတ်ထဲ တည့်တည့်ထိပြီး မပေါက်ဘူး။ နောက်မို့ဆို အထိအခိုက် ပိုများမှာ။ တိုက်ပွဲက မိနစ် ၂၀ ကျော် ဖြစ်ပွားခဲ့တယ်။ မျက်မြင်ကတော့ တဦးကျပဲ အတည်ပြုနိုင်ခဲ့ပါတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။”

မော့ကနင်ရွာသစ်မှာရှိတဲ့ စေတီမှာ တိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၄ ရက်မှာ အရပ်သုံး faw ကား ၂ စီး အင်အားထပ်ဖြည့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ‌မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ NMSP-AD၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နဲ့ တောင်ညိုစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက်  ရွာဦးစေတီအနီးနား နေထိုင်သူတွေ စစ်သားတွေ ရန်ပြုမှာစိုးတဲ့အတွက် တိမ်းရှောင်ခဲ့ပြီး အဲဒီအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဖောက်ထွင်းကာ ပစ္စည်းတွေယူဆောင်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီးတော့ အနီးနားကသူတွေက ကြောက်ပြီး အကုန်လုံးက ရှောင်သွားတာ။ အဲဒီအိမ်တွေကို သူတို့က အကုန်ဖောက်ထွင်းပြီး ပစ္စည်းတွေယူသွားတာ။ နောက်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာ၊ ဖုန်းသိမ်းတာနဲ့ ငွေညှစ်တာတွေလည်း လုပ်နေကြတယ်။”

ရေးမြို့နယ်မှာ ဇူလိုင်လအစကစပြီး စစ်ကောင်စီက အပတ်စဉ် ၁ သင်တန်းဆင်း စစ်သားတွေနဲ့အတူ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013