မကွေးတိုင်း၊ ပခုက္ကူမြို့မှာ KTV ကာရာအိုကေက ပြန်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ တဦးကို ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီဝန်းကျင်မှာ အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ Southern YSO PDF အဖွဲ့ကနေ သိရပါတယ်။
Southern YSO PDF ရဲ့ တာဝန်ခံတဦးက “ဗိုလ်ကြီးအဆင့်ရှိတဲ့ ဝင်းဇော် တဲ့။ သူက ဒီမြို့မှာ တာဝန်ကျတာ မဟုတ်ဘူး။ နေပြည်တော်မှာ တာဝန်ကျတာ။ ဒီမြို့ကို ကိစ္စတခုနဲ့ သူ့တပ်ကနေ ခွင့်ယူပြီး ပြန်လာတာကို စက်မှုဇုန်က KTV ကို သွားကဲတော့ အပြန်မှာ ဖမ်းလိုက်တာပါ” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးဝင်းဇော်ဟာ ဗထူးဗိုလ်သင်တန်းကျောင်းကနေ အမှတ်စဉ် ၁၁၂ သင်တန်းဆင်းသူဖြစ်ကာ စစ်တပ်လုပ်သက် ၂၄ နှစ်ရှိပြီး သူ့ရဲ့ မိခင်တပ်ရင်းဟာ ကလော ခလရ ၇ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူနဲ့အတူ မှတ်ပုံတင် ၁ ခု၊ အင်းဝဘဏ် ATM ကတ် ၁ ခု၊ ဖုန်း ၂ လုံး၊ Shayang 125 ဆိုင်ကယ် ၁ စီးနဲ့ ငွေ ၆၁၈,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့ ပါတယ်။
ဖမ်းမိထားသူကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်နေပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ် လို့ Southern YSO PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
Southern YSO PDF က အရှင်ဖမ်းမိလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးဝင်းဇော်ဟာ အဖမ်းမခံရခင်အချိန်မှာ စစ်ကောင်စီလက်အောက်ခံ နေပြည်တော်၊ အမှတ် ၂၃ တပ်မတော် ခုတင် ၂၅ ဆေးရုံမှာ တပ်ရေး/တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်ပါတယ်။