Home
မြန်မာသတင်း
စဉ့်ကူးတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ
DVB
·
July 25, 2024

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျည်တောက်ပေါက်ကျေးရွာကို ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၅ လသားအရွယ် ကလေးငယ်တဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိကာ လူနေအိမ်တချို့ ပျက်စီးပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။

ဒေသခံရွာသားတဦးက “မနက်ပိုင်းမှာ စစ်လေယာဥ်နဲ့လာပြီး ဗုံးကြဲသွားတာ။ အသေအပျောက်တော့ မရှိပါဘူး။ ဒါပေမဲ့ ၅ လသားအရွယ် ကလေးလေးတော့ ဗိုက်ကို ဗုံးစမှန်တယ်။ ရွာသား ၅ ဦးလည်း ဗုံးစတွေထိကြတယ်ဗျ။ အားလုံးပဲ ဆေးကုနေတယ်။ မစိုးရိမ်ရဘူးလို့တော့ သိရတယ်” လို့  ပြောပါတယ်။

ကျည်တောက်ပေါက်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တချို့ ပျက်စီးသွားပြီး ရွာခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာခံတဦးက “၂၃ ရက်နေ့ကတည်းက ပြေးလာကြတာ။ ၂၄ ရက်နေ့မှာတော့ ဘာမှမထူးခြားဘူး။ မနက်ဖြန် သန်ဘက်ခါဆိုရင်တော့ ရွာထဲပြန်ဝင်မှာပါ။ ပြန်တဲ့သူတချို့လည်း ပြန်ကုန်ကြပြီ။ ဒါပေမဲ့ ဦးတို့မိသားစုက လူကြီးတွေကော ကလေးတွေကော ရှိလို့ ပြေးရလွှားရတာ မလွယ်ဘူးလေ။ အခု ၂ ည ၃ ညတော့ တောထဲက သစ်ပင်ကြီးကြီးအောက်မှာ ဖြစ်သလို တာလပတ်နဲ့ တဲထိုးပြီး နေရတာပေါ့။ ကျန်တဲ့သူတွေလည်း ဖြစ်သလိုပဲ။ နောက်ရက်တွေတော့ အခြေအနေကြည့်ပြီး ရွာပြန်မယ်လို့တော့ တိုင်ပင်ထားကြတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ စဥ့်ကူးမြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေစဥ်ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်ဘက်က စဥ့်ကူးမြို့နဲ့ အနီးအနား ကျေးရွာတွေကို မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “ဒီရွာကို စစ်တပ်က အကြောင်းမဲ့ သက်သက်ကြီး ဗုံးလာကြဲသွားတာဗျ။ ဘာတိုက်ပွဲမှမရှိဘူး။ ရှုံးမဲမဲတဲ့သဘောပေါ့။ ဒေသခံတွေ အနေနဲ့လည်း လူစိတ်မရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို အထူးသတိထား ရှောင်ရှားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက စဉ့်ကူးမြို့ အပါအဝင် မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း အားလုံးကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024