မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဂွတောင်ကြားလမ်း မြေသားတွေအက်ကွဲပျက်စီးလာတဲ့အတွက် ကားတွေမသွားနိုင်ကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက်ကစတင်ပြီး ဒီနေ့ ဇူလိုင် ၂၇ ရက်အထိ ရက်ဆက်မိုးရွာသွန်းနေတာကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းအပိုင်းဖြစ်တဲ့ ၁၆ မိုင်နဲ့ ၁၇ မိုင်ကြား၊
ဗောဓိတောင်ကြောအနီးမှာ မြေသားအက်ကွဲကြောင်းတွေဖြစ်နေတာကြောင့် ဘယ်ကားမှမမောင်းရဲဘူးဖြစ်နေတာလို့ ဆိုပါတယ်။
ငါးသိုင်းချောင်းဒေသခံတယောက်က “အချိန်မရွေး မြေသားပြိုကျနိုင်တဲ့ အခြေအနေဖြစ်နေတာ။ ဒီနေ့မသိဘဲထွက်လာတဲ့ ယာဉ်တွေဆို လုံးဝမသွားရဲလို့ နောက်ပြန်လှည့်ကုန်ပြီ” လို့ ပြောပါတယ်။
အဲဒီလမ်းပိုင်းဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ အဓိကလမ်းပိုင်းဖြစ်ပြီး အက်ကြောင်းတွေဖြစ်ပေါ်နေတဲ့အတွက် ကုန်စည်သယ်ယူရေးကိစ္စအပြင် လတ်တလော စစ်ဘေးရှောင်တွေအတွက်ပါ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ယာဉ်မောင်းတယောက်က “ဒီလမ်းပိုင်းက ကားတွေသွားရင် မြေပြိုကျမယ့် အခြေအနေဖြစ်နေတာ။ အက်ကြောင်းတွေက နေ့ချင်း ညချင်း မနည်းပေါ်လာတာ။ ကားသမားတွေအများစုက ကိုယ့်ဆန္ဒကိုယ် အန္တရာယ်ရှိလို့ ဆက်မသွားဖို့ ဆုံးဖြတ်တာပါ။ စစ်ရှောင်တွေက ဧရာဝတီဘက်ကိုသွားဖို့ ကားငှားတယ်၊ မလိုက်ရဲဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းတဲ့ဒဏ်ကြောင့် လမ်းတွေပျက်စီးတာ၊ လမ်းချော်တာ၊
လမ်းပိုင်ရေကျော်တာတွေ ဖြစ်ပွားတတ်ပေမယ့်လည်း အခုလို ကားလမ်းပေါ်မြေသား အက်ကွဲတဲ့
ပုံစံမျိုး ဖြစ်ပေါ်တာ ရှားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်အနှံ့မှာ ဇွန် ၂၈ ရက်အထိ မိုးတွေရွာသွန်းမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။