Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၆ လအတွင်း နေအိမ်အလုံး ၁၀၀ ကျော် ချိပ်ပိတ်ခံရ
DVB
·
July 23, 2024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း လူနေအိမ် အလုံး ၁၀၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံရပြီး အရပ်သားတွေရဲ့နေအိမ်တွေ အများစု ချိပ်ပိတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းအထိ ၆ လအတွင်း ဧရာဝတီတိုင်းမှာ နေအိမ် ၁၀၇ လုံးအထိ ချိပ်ပိတ်သိမ်းဆည်းခံရပြီး ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်အလုံး ၁၀၀ ကျော်ထဲမှာ အရပ်သားတွေရဲ့နေအိမ်တွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ဆိုပြီး ဥပဒေနဲ့အညီ ချိပ်ပိတ်တာဆိုပြီး ချိပ်ပိတ်တာ။ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ချိပ်ပိတ်တာ။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုကတော့ ပထမအနေနဲ့ အရပ်သားတွေရဲ့အိမ်တွေပါ။ ဒုတိယအနေနဲ့က CDM ပညာရေးဝန်ထမ်းတွေပေါ့။ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေလည်း ပါတယ်” လို့ ပြောပါတယ်။

အဲဒီ နေအိမ်ချိပ်ပိတ်ခံထားရတဲ့ အများစုဟာ အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရသူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ခံထားရခြင်း မရှိသေးတဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ချိပ်ပိတ်ခံရတဲ့ ဒေသခံတွေနဲ့ နီးစပ်သူတယောက်က “ဟင်္သာတနဲ့ မအူပင်ဘက်ကနေ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ အိမ်တွေ တော်တော်များများ ရှိခဲ့တယ်။ အလန်းဆိုတဲ့ရွာက အရပ်သားတယောက်ပိုင်ဆိုင်တဲ့ အိမ်နဲ့ခြံကို PDF နဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီက ချိပ်ပိတ်လိုက်တာ။ အခု လမ်းဘေးရောက်သွားတယ်။ PDF တွေနဲ့ ပတ်သက်တယ်လို့ဆိုပြီး ချိပ်ပိတ်ခံရတာများတယ်။ စစ်ကောင်စီထံ ဥပဒေကြောင်းအရ ပြန်လည်ခုခံချေပ တင်ပြတောင်းခံတာတွေလုပ်တယ်၊ ဒီနေ့အထိ အကြောင်းမထူးဘူး” လို့ ပြောပါတယ်။

၆ လအတွင်း ချိပ်ပိတ် သိမ်းဆည်းခံရတဲ့ လူနေအိမ် အလုံး ၁၀၀ ကျော်ဟာ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်၊ ငပုတော၊ လပွတ္တာ စတဲ့မြို့နယ်တွေက နေအိမ်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013