ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အပါအဝင် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ကယ်ဆယ်ထိန်းသိမ်း ကျွေးမွေးပြုစုပေးထားတယ်လို့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ကနေ သိရပါတယ်။
ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက “ကျနော်တို့ (Operation CB) အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် သူတို့မိသားစုဝင် ၁၀၀ ကျော်နဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၃၀ နီးပါးကို ကယ်ဆယ်ထိန်းသိမ်း ကျွေးမွေးပြုစုထားပြီး ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးရမိသူတွေဟာ မတူပီမြို့ပေါ် စစ်ကောင်စီတပ် အထိုင်စခန်းတွေက ပါဝင်ကြသလို တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ကြသူတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့မှ ဆေးတပ်သားတဦးက “တောတောင်တွေထဲကို ထွက်ပြေးကြရင်းနဲ့ ၉ ရက် ၁၀ ရက် ထမင်းမစားရတဲ့ ကလေးငယ်တွေ အများကြီးပါတယ်။ သူတို့လေးတွေရဲ့ လက်တွေ ခြေတွေမှာ သဲဝဲတွေ စားနေကြတာကို ကျနော်တို့ဆေးအဖွဲ့က ကြပ်မတ်ကုသပေးနေပါတယ်” လို့ ပြောပါတယ်။
ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ မတူပီမြို့ကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ တောထဲကိုထွက်ပြေးစဉ် လမ်းခရီးမှာ ခရီးလမ်းကြမ်းတမ်းမှု၊ မိုးဒဏ်လေဒဏ်နဲ့ အစားအစာ ငတ်ပြတ်တဲ့ဒဏ်တွေ ခံစားခဲ့ကြရပြီး ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းပြုစုထားတဲ့ ကလေးသူငယ်တွေထဲမှာ မိသားစုဝင်အားလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးသူငယ်တွေ ပါဝင်ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ မတူပီမြို့က စစ်ကောင်စီတပ်စခန်းတွေကို Operation CB အဖြစ် ပြီးခဲ့တဲ့ ဇွန် ၉ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ရက် ၂၀ အကြာ ဇွန် ၂၉ ရက်မှာတော့ မတူပီမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။