မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်ရပ်ကွက်အနီးရှိ စစ်ကောင်စီတပ်စခန်းနဲ့ မြို့လယ်ရပ်ကွက်ရှိ အချုပ်ထောင်စခန်းတို့ကို ဇူလိုင် ၂၂ ရက်မှာ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက ပန်းမထိပ်ရပ်ကွက်အနီးစခန်းနဲ့ အချုပ်ထောင်စခန်းကို သိမ်းပိုက်ရရှိရာမှာ စစ်သားအလောင်း ၂၀ အပြင် လက်နက်ခဲယမ်းပါ ရရှိထားတယ်လို့ ဆိုပါတယ်။
ရှေ့တန်းရောက် PDF တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတဦးက “မြို့ထဲ နေရာတော်တော်များများကို ထိန်းချုပ်ထားနိုင်ပြီ၊ ဗျူဟာကုန်းတော့ ကျန်သေးတယ်၊ လေယာဥ်နဲ့ လာကြဲတာက ဆေးရုံနားကိုကြဲတယ်၊ ညောင်သုံးပင် ဘုန်းကြီးကျောင်းကို ကြဲတယ်၊ လူထိခိုက်မသိရသေးဘူး” လို့ ပြောပါတယ်။
မိုးကုတ်မှာ စစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေစဥ် ဇူလိုင် ၁၈ ရက်ကစတင်ပြီး ဆက်သွယ်ရေးဖုန်းအော်ပရေတာ၊ အင်တာနက် wifi တွေအားလုံး ပြတ်တောက်သွားပြီး ဆက်သွယ်လို့ လုံးဝမရတော့ဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့မှာ အင်တာနက်လိုင်း လုံးဝမရတာကြောင့် သတင်းစီးဆင်းမှုလည်း မရှိသလို စစ်ရေးအခြေအနေကစ ဘာမှမသိရတဲ့ အခြေအနေ ဖြစ်နေပြီး ပိတ်မိနေသူ မိသားစုဝင်တွေကိုလည်း စိတ်ပူနေရတယ်လို့ မြို့မှတိမ်းရှောင်လာသူတွေက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင်လ ဒုတိယပတ်ကစတင်ပြီး စစ်တပ်နဲ့ TNLA တပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်စခန်းတချို့ကို သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။