Home
မြန်မာသတင်း
ဒေးဒရဲနှင့် ဘိုကလေးတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီး  
DVB
·
July 27, 2024
Photo Crd- KKL
Photo Crd- KKL
Photo Crd- KKL

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်နဲ့ ဘိုကလေးမြို့နယ်တို့မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ် ၉ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ 

ဘိုကလေးမြို့နယ်မှာ ဇူလိုင် ၂၆ ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် နေအိမ် ၅ လုံးနဲ့  ဒေးဒရဲ မြို့နယ်မှာ  ဇူလိုင် ၂၅ ရက်က  လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။ 

ဘိုကလေးဒေသခံ ပရဟိတအဖွဲ့ဝင်က''မိုးတွေရွာလာပြီး ရုတ်တရက် လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တာပါ။ ပျက်စီးသွားတဲ့ အိမ်တွေကအစုံပါပဲ။ ဘိုကလေးမြို့နယ်က နွမ်းပါးတဲ့ ဒေါ်ကြွရဲ့အိမ်လေးပါတယ်။ လေက ပြင်းတော့ ပြိုကျတာ ကံကောင်းလို့ လူတွေ ထိခိုက် သေဆုံးတာမရှိတာ''လို့ ပြောပါတယ်။ 

မိုးသက်လေပြင်းဒဏ်ကြောင့် ဘိုကလေးနဲ့ ဒေးဒရဲမြို့နယ်တွေက အကယ်ချောင်းဝ၊ ကွင်းပုန်း၊ တံတားချောင်း၊ မားယား၊ မြသိန်းတန်စတဲ့ကျေးရွာတွေက လူနေအိမ်တွေ ပျက်စီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေးဒရဲဒေသခံတဦးက “လေက လေပွေလိုဆောင့်တိုက်သွားတာ။ မိုးကြောင့် လမ်းမှာ ကားလမ်း ချော်တာတွေ ဖြစ်ကုန်တယ်။ အပူရှိန်ပြင်းနေလို့ မိုးရွာတာပျော်တယ်။ လေပါလာတော့ ပျက်စီးကုန်တာပေါ့။ လေကြောင့် သစ်ပင်တွေလဲတယ်၊ သစ်ကိုင်းတွေ ကျိုးကျတယ်။ နေရာတော်များများမှာဖြစ်တာ။ လမ်းမကြီးပေါ်မှာဆို လမ်းပိတ်တာတွေဖြစ်ခဲ့တယ်။ မြို့အဝင်နားမှာ မနေ့က လမ်းပိတ်တာ နှစ်နာရီ ဝန်းကျင်လောက် ကြာတယ်။ ဒါတောင် ပူးပေါင်း ဝိုင်းရှင်းကြလို့ သွားလို့လာလို့ အဆင်ပြေတာ”လို့ ပြောပါတယ်။ 

အဲ့ဒီ လေပြင်းဒဏ်ကြောင့် ကားလမ်းတွေပေါ်ကို သစ်ပင် အပင်ရေ ၂၀ လောက်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျလို့ ကားလမ်းတွေမှာ လမ်းပိတ်ဆို့ခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။ 

လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး  ပြိုလဲကျနေမှုတွေကို ပရဟိတအဖွဲ့တွေ၊ မီးသတ် တပ်ဖွဲ့တွေ၊ ဒေသခံတွေက ပူးပေါင်းရှင်းလင်းခဲ့ကြပြီး လေဘေးသင့် ဒေသခံတွေမှာ မိသားစု အသိမိတ်ဆွေ မိသားစုတွေအိမ်မှာ ယာယီပြောင်း ရွှေ့နေထိုင်နေကြရပါတယ်။ 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တခု ဖြစ်ပေါ်နေပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးတွေအဆက်မပြတ်နေရာအနှံ့ရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့  မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၆ ရက်က သတင်းထုတ်ပြန်ထား ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013