ဧရာဝတီတိုင်း ဖျာပုံခရိုင်ရဲမှူး၊ ဖျာပုံမြို့နယ်ရဲမှူးနဲ့ ဘိုကလေးစခန်းမှူးတို့ ၃ ဦးကို အကျင့်ပျက် ခြစားမှုနဲ့ နယ်ပြောင်းရွှေ့မိန့် ပေးခံခဲ့ရတယ်လို့ စစ်ကောင်စီတိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “သူတို့ ၃ ယောက်ကို ပုသိမ်တိုင်းရုံးမှာ ဇွန်လ ဒုတိယအပတ်က စစ်ဆေးခဲ့တာ။ အခု ဇူလိုင်လ ၁၇ ရက် နယ်ပြောင်းရွှေ့မိန့် ပေးခဲ့တာလို့ သိရတာ။ ဘယ်ကို ပြောင်းလိုက်တာလဲတော့ မသိဘူး။ အပြောင်းခံရတာတော့ သေချာတယ်” လို့ ပြောပါတယ်။
အဲဒီ ပြောင်းရွှေ့ခံရတဲ့ ဖျာပုံခရိုင်ရဲမှူး၊ ဖျာပုံမြို့နယ်ရဲမှူးနဲ့ ဘိုကလေးစခန်းမှူးတို့ ၃ ဦးဟာ ဒေသခံတွေကို နိုင်ငံရေးနဲ့ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးငွေညှစ်တာ၊ သစ်မှောင်ခိုလုပ်ငန်း၊ ပင်လယ်ကျားဖောင်လုပ်ငန်း၊ ဖဲဝိုင်းလုပ်ခွင့်ပြုတာ၊ အရက်ပုံး ရောင်းခွင့်ပြုတာ၊ လယ်မြေသိမ်းယူတာ စတဲ့အမှုတွေနဲ့ တိုင်းရဲတပ်ဖွဲ့ရုံးအထိ အတိုင်ခံရပြီး စစ်ဆေးခံနေရာကနေ အခုလို နယ်ပြောင်းရွှေ့အမိန့် ချလိုက်ရတာလို့ ဆိုပါတယ်။
ဖျာပုံမြို့နယ်က ဝန်ထမ်းတယောက်က “အဲဒီလူတွေက ဖျာပုံမြို့နဲ့ ဘိုကလေးမြို့နယ်တွေမှာ အဂတိလိုက်စားလို့ဆိုပြီး ဧရာဝတီတိုင်း တတိုင်းလုံးမှာ အများဆုံး အတိုင်ခံထားရသူတွေလေ။ နယ်အပြောင်းခံရတာ တန်တောင် မတန်ဘူး။ ငွေရဖို့ဆို ဘာမဆိုလုပ်တဲ့ ၃ ယောက်။ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ၃ ယောက် ပေါင်းစားနေကြတာ။ လက်အောက်ငယ်သားတွေ အပေါ်လည်း စာနာမှုမရှိ အနိုင်ကျင့်တဲ့အကောင်တွေ” လို့ ပြောပါတယ်။
အဲဒီ နယ်ပြောင်းရွှေ့ခံရတဲ့ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး ၂ ယောက်ဟာ ဖျာပုံမြို့နယ်နဲ့ ဘိုကလေးမြို့နယ်က ဒေသခံ ၇ ယောက်ကို ဖျာပုံအကျဉ်းထောင်က နိုင်ငံရေးအမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရအောင် ဖမ်းဆီး အမှုဖွင့်ပေးခဲ့သူတွေလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဘိုကလေးမြို့နယ် စခန်းမှူးဟာ အရင်က မအူပင်စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဆေးမှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သားကို အိမ်ခေါ်ကာ အရက်သောက်ရင်း စကားများရာကနေ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ နယ်ပြောင်းရွှေ့ခံခဲ့ရပြီး အခုလည်း ထပ်မံပြောင်းရွှေ့ခံရတာလို့ သိရပါတယ်။