နိုင်ငံကျော် ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိုင်မောဝ်ရဲ့ စျာပနအခမ်းအနားကို ရန်ကုန်မြို့ ရေ ဝေးသုသာန်မှာ ဇူလိုင် ၁၉ ရက် ဒီကနေ့မွန်းလွဲ ၁ နာရီခွဲမှာ ကျင်းပပါတယ်။
စိုင်းဆိုင်မောဝ်ရဲ့ နောက်ဆုံးခရီးကို သူ့ကို ချစ်ခင်တဲ့ ပရိတ်သတ်တွေ၊ မိသားစုဝင်တွေ၊ တေးသံရှင်တွေ တက်ရောက်ခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ( RCSS /SSA) ကလည်း လွမ်းသူ့ပန်းခွေပေးပို့ခဲ့ပါတယ်။
ကွယ်လွန်သူ စိုင်းဆိုင်မောဝ်က သူ့ရဲ့နောက်ဆုံးခရီးမှာ ရယ်ဒီမိတ်ခေါင်းပေါင်းမဟုတ်ပဲ ရိုးရိုးပဝါကိုသာ ပတ်ပေးဖို့၊ သူ့အတွက်ရည်စူးတဲ့နောက်ဆုံးအလှူမှာ မိုင်းဖုန်းဆရာတော် တရားကိုဟောကြားပေးဖိုနဲ့ သူ့ရဲ့အရိုးအိုးကို ရှမ်းပြည်တနေရာက ချယ်ရီပင်အောက်မှာ မြှုပ်နှံပေးဖို့ သူ မကွယ်လွန်ခင် မှာကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ မြန်မာတေးသီချင်း စီးရီးခွေ ၃၀ ကျော်နဲ့ ရှမ်းသီချင်းစီးရီးခွေ ၄၀ ကျော်သီဆိုခဲ့ပြီး ရှမ်းမြန်မာတေးသီချင်းပေါင်း ၃၀၀ ကျော်ရေးသားခဲ့တဲ့ ထင်ရှားတဲ့ တေးရေး၊ တေးဆို အနုပညာရှင် တဦး ဖြစ်ပါတယ်။
ချစ်ဇနီးအတွက်တေး၊ ချစ်သောနန်းနဲ့ ရှမ်းမောမြေ၊ ချယ်ရီတွေငိုနေပြီ၊ တောင်ပြာတန်းက အသိဆုံး၊ တရွာသားနဲ့ပုဝါပါး၊ ရှမ်းပဲပုပ်လေးကျနော်၊ မောင့်မလွမ်းပို၊ စိုင်းချစ်တဲ့ရတနာ၊ ငွေတောင်တန်းဆီပြန်လာပါ၊ ရွှေဟင်္သာပြန်မှာစိုး၊ အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခု၊ ဖြတ်သာသွားမယ်မနားတယ်၊ မူဆယ်နမ့်ခမ်းလမ်း၊ ချစ်စရာနမ့်ဆန်အလှ၊ ဇရာအိုရဲ့လွမ်းတေး စတဲ့သီချင်းတွေဟာ ရေပန်းစားခဲ့ပြီး သူ့ရဲ့သီချင်းတွေဟာ နှစ်ပေါင်းများစွာ ကျော်ကြာမြင့်သည့်တိုင် ပရိတ်သတ်တွေကြားမှာ ဆက်လက်နားဆင် ပျံ့လွင့်နေဆဲ ဖြစ်ပါတယ်။