Home
နိုင်ငံတကာ
ရုရှား၏ ရန်လိုမှုနှင့် သတင်းမှားဖြန့်မှုအပေါ်  EU အကြီးအကဲ ရှုတ်ချ
DVB
·
July 27, 2024
Photo -REUTERS

ယူကရိန်းနဲ့ပတ်သက်ပြီး ရန်လိုမှုနဲ့ သတင်းအမှားတွေဖြန့်တဲ့ ရုရှားရဲ့လုပ်ရပ်တွေကို ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဖ် ဘော်ရဲလ်က ဇူလိုင် ၂၆ ရက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ ဝန်ကြီးများအစည်းအဝေးမှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။

EU ရဲ့ ထိပ်တန်းသံတမန် ဘော်ရဲလ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အာဆီယံမှာ ငွေကြေးဖောင်းပွမှုနဲ့ စားနပ်ရိက္ခာ ဈေးနှုန်းတွေအပေါ် သက်ရောက်မှုရှိမှာဖြစ်ကြောင်း မီးမောင်းထိုး ပြောကြားခဲ့ပါတယ်။

ဘော်ရဲလ်က “ယူကရိန်းအပေါ် ရုရှားရဲ့ ရန်စမှုတွေက အာဆီယံနဲ့ အလှမ်းဝေးနေပုံရပေမဲ့ ငွေကြေးဖောင်းပွမှုတွေနဲ့ အစားအသောက်နဲ့ ဆီဈေးတွေ တိုးလာတာတွေ စသဖြင့် အကျိုးဆက်တွေကို ပြည်သူတွေကပဲ ခံစားရတာ” လို့ ပြောပါတယ်။

ရုရှားက မဟုတ်မမှန် လုပ်ကြံသတင်းတွေဖြန့်ဖို့ ကြိုးစားနေရင်တောင်မှ ယူကရိန်းဟာ သူ့ရဲ့နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းဖို့အတွက် ကြိုးပမ်းနေမှုကို ထောက်ခံဖို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အရပ်သားလူထုအပေါ် ရုရှားတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

အပြိုင်အဆိုင်ကမ္ဘာကြီးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိတာကြောင့်မို့လို့ ဥရောပသမဂ္ဂနဲ့ အာဆီယံ ၂ ဖွဲ့စလုံးဟာ သူတို့ရဲ့အဖွဲ့အစည်းတွေကို ပံ့ပိုးပေးနေတဲ့ နိုင်ငံစုံဝါဒနဲ့ နိုင်ငံတကာဥပဒေ တို့ကို ကာကွယ်ရေးအတွက် အာဆီယံနဲ့ ပိုပြီးအနီးကပ် လုပ်ဆောင်သွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ဒေသတွင်း အဖွဲ့အစည်း ၂ ခုကြား တွေ့ဆုံမှုလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အွန်ရစ်ကေး မာနာလိုက ပြောပါတယ်။

တွေ့ဆုံမှုတိုင်းဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ထိရောက်တဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဖွဲ့ဝင်နိုင်ငံအသီးသီးက ယုံကြည်ချက်နဲ့ ထပ်မံအတည်ပြုလိုက်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်မှု သဘောသဘာဝအရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ပိုကြီးထွားလာတာကိုလည်း နိုင်ငံတွေနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်းလည်း မာနာလိုက ပြောသွားပါတယ်။

ကမ္ဘာ့အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ ဒေသတွင်းဖိုရမ် မတိုင်ခင် ဇူလိုင် ၂၆ ရက်မှာ အာဆီယံ ဟာ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ၊ အိန္ဒိယနဲ့ တခြားနိုင်ငံတေွက ထိပ်တန်းသံတမန်တွေနဲ့အတူ အစည်းအဝေးတွေကို ကျင်းပနေတာဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013